ရန်ကုန်၊ မေ ၁၅
ချင်းပြည်နယ်၊ ဖလမ်းမြို့ဘက်မှ ဟားခါးမြို့ဘက်သို့ တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လာရောက်ကြိုဆိုသည့် စစ်သားများအား CDF Hakha က တိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ ၄ ဦးသေဆုံးပြီး ဗျူဟာမှူးအပါအဝင် ၄ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဖလမ်းမြို့ကို သိမ်းပိုက်ထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖလမ်း-ဟားခါးလမ်းအတိုင်း ဟားခါးမြို့ဘက်သို့ စစ်ကြောင်းထိုးလာရာ မေလ ၁၄ ရက်နေ့တွင် ချွန်ကျုံးကျေးရွာကို ရောက်ရှိခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းကို သွားရောက် ကြိုဆိုရန်အတွက် ဟားခါးမြို့အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ ဗျူဟာမှူး ဦးဆာင်သော စစ်ကြောင်းသည် ယမန်နေ့က မြို့ပေါ်မှ ထွက်လာစဉ် ၆ လမ်းဆုံအနီးအရောက်၌ CDF Hakha တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ပြီး ဗျူဟာမှူး အပါအဝင် ၄ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ဖလမ်းကနေ တက်လာတဲ့ စစ်ခွေးစစ်ကြောင်းက ချွန်ကျုံးရွာမှာ ရောက်နေတာဖြစ်တာ ပြီးရင် ဟားခါးဘက်ကနေ အဲဒီချွန်ကျုံးရွာမှာရှိတဲ့ စခတွေကို လာကြိုတဲ့ စစ်ခွေးတွေကို CDF Hakha က တိုက်ခိုက် တာဖြစ်ပါတယ်” ဟု ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ဗျူဟာမှူး ထိခိုက်ဒဏ်ရာရရှိခဲ့၍ စစ်တပ် စစ်ကြောင်းသည် ဟားခါးမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ဒဏ်ရာရရှိခဲ့သော ဗျူဟာမှူးကို ဆေးကုသနိုင်ရန်အတွက် ယနေ့ မေလ ၁၅ ရက်နေ့တွင် ကလေးမြို့ သို့ သယ်ဆောင်သွားကြောင်း သိရသည်။
ချွန်ကျုံးကျေးရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ချင်းပြည်အစိုးရ၊ ကာကွယ်ရေးတပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်နေ၍ တိုက်ပွဲများလည်း နေ့စဉ်ဖြစ်ပွားနေကြောင်း၊ ဖလမ်း- ဟားခါးလမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က ထိန်းချုပ်နိုင်ရေး မေလပိုင်းမှ စတင်၍ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး လမ်းပိုင်းတောက်လျောက်ရှိ ကျေးရွာများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးများကြောင့် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။




