ရန်ကုန်၊ မေ ၁၅
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က ညအချိန်ပါ စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများသည် မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၄ ရက်နေ့တွင် ယင်းမာပင်မြို့နယ်၊ ဆင်စွယ်ရွာအနောက်ဘက်နှင့် အနောက်မြောက်ဘက်ရှိ ကျေးရွာများဖြစ်သော အင်တောရွာ၊ မောက်လုပ်ရွာနှင့် အထက်ငါးနန်းကျေးရွာများကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူသွားကြောင်း၊ ထို့ပြင် စစ်ကြောင်းသည် ယမန်နေ့ ညပိုင်းကလည်း ဆင်စွယ်ရွာကို ထပ်မံ ဝင်ရောက်စီးနင်းကာ ညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် ယနေ့ မေလ ၁၅ ရက်နေ့တွင် ဆင်စွယ်ရွာမှ ဆုံရွာနှင့် မင်းမကုန်းရွာဘက်ကို ဦးတည်ပြီး ထပ်မံ စစ်ကြောင်းထိုးလာ၍ ပြည်သူများ တိမ်းရှောင်နေရကြောင်း၊ ယင်းစစ်ကြောင့် ယနေ့ မွန်းလွဲပိုင်းတွင် ရွှေလှံရွာ၊ သဲကုန်းရွာနှင့် ပဲခင်းမရွာတို့ကိုလည်း ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် ဆိုင်ကယ်များကို ဖျက်ဆီးခြင်း၊ ဆန်အိတ်နှင့် ပဲအိတ်များကိုလည်း ထိုးခွဲ ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ဆင်စွယ်ရွာ အနီးဝန်းကျင် ၆ မိုင်ပတ်လည်ရှိ ကျေးရွာ ၁၅ ရွာခန့်မှ ထောင်နှင့်ချီသောပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“မနေ့ကတော့ စစ်ခွေးစစ်ကြောင်းက ဆင်စွယ်ရွာအနောက်နဲ့ အနောက်မြောက်ဘက်ရွာတွေဖြစ်တဲ့ အင်တောရွာ- မောက်လုပ်ရွာနဲ့ အထက်ငါးနန်းရွာတွေကို ဝင်ရောက်ပြီး ညနေပိုင်းကျတော့ ဆင်စွယ်ရွာကို ပြန်လည်ဝင်ရောက်သွားတယ်။ ညပိုင်းကျတော့ ဆင်စွယ်ရွာ ၊ ရင်ပေါင်တိုင်ရွာနဲ့ ဆင်တဲရွာ တို့ဘက်ထွက်လာတယ်ဆိုပြီး သတင်းကြားတော့ ပြည်သူတွေ ညအချိန် ဘေးလွတ်ရာ ထွက်ပြီးတိမ်းရှောင်ကြရတယ်။ မိုးကလည်း ရွာနေပြီဆိုတော့ သွားလာရတာ ခက်ခဲလာကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မေလ ၁၁ ရက်နေ့ကစတင်ပြီး ပုလဲမြို့နယ်၊ ပုထိုးသာကျေးရွာမှ ထွက်ခွာလာသော စစ်တပ် စစ်ကြောင်းသည် ရင်ပေါင်တိုင်ကျေးရွာကို စတင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ကျေးရွာများကိုလည်း ဆက်လက်ဝင်ရောက်စီးနင်းကာ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် မွှေနှောက်ခိုးယူနေခြင်းဖြစ်ကြောင်း သိရသည်။
“အခုက ဆင်စွယ်ရွာအနီးဝန်းကျင်က ၆ မိုင်ပတ်လည်မှာရှိတဲ့ ကျေးရွာ ၁၅ ရွာလောက်ဟာ ကျီးလန့်စာစားနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီး လူဦးရေက ထောင်ဂဏန်းကြီးကြီးရှိမယ်။ နောက်ပြီး စစ်ခွေးတွေက ပြည်သူပိုင်ပစ္စည်းတွေ ဆိုင်ကယ်တွေကိုလည်း ဆီမရှိလို့ စီးလို့မရရင် ဆိုင်ကယ်ဝါယာကြိုးတွေကို ဖျက်ဆီးပြီး မှုတ်ဆေးပန့်ဗူးတွေနဲ့ ဆေးဖြန်းသွားကြတယ်။အိမ်တွေမှာရှိတဲ့ ဆန်နဲ့ ပဲအိတ်တွေကိုလည်း ထိုးခွဲ ဖျက်ဆီးတာတွေမျိုးစုံ လုပ်လာတာတွေ့ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။
အလားတူ မေလ ၂ ရက်နေ့ကလည်း အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယင်းမာပင်မြို့နယ်၊ အင်တောရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို တစ်အိမ်တက်ဆင်း မီးရှို့ခဲ့ခြင်းကြောင့် လူနေအိမ် ၄၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း၊ ထို စစ်ကြောင်းသည် ယင်းမာပင်မြို့နယ် တောင်ခြမ်း ရင်ပေါင်တိုင်ရွာကို ရောက်ရှိလာစဉ် ရွာအနောက်၌ နုံးတန်းကျေးရွာမှ အသက် ၆၀ ကျော် အရွယ် ဦးဆန်းဝင်းကိုလည်း ပစ်သတ်ခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ – ယင်းမာပင်မြို့နယ်တွင် ညအချိန် စစ်တပ် စစ်ကြောင်းဝင်ရောက်လာ၍ မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ။






