27.3 C
Yangon

ကြို့ပင်ကောက်တွင် စစ်မှုထမ်းကြေး လိုက်ကောက်နေသည့် အုပ်ချုပ်ရေးမှူး သောင်းကြည် ပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရ၊ ကျွန်းစုတွင် ပျူစောထီး အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦးသေဆုံး

Must read

ကြို့ပင်ကောက်တွင် စစ်မှုထမ်းကြေး လိုက်ကောက်နေသည့် အုပ်ချုပ်ရေးမှူး သောင်းကြည် ပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရ၊ ကျွန်းစုတွင် ပျူစောထီး အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦးသေဆုံး

ရန်ကုန်၊ မတ် ၃

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်မှုထမ်းကြေး လိုက်ကောက်နေသည့် အုပ်ချုပ်ရေးမှူး သောင်းကြည် ပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၄ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ရွှေပန်းတောကျေးရွာ အုပ်ချုပ်ရေးမှူး သောင်းကြည် သည် စစ်မှုထမ်းကြေးကောက်ရန် တပည့်ဖြစ်သူနှင့် ဆိုင်ကယ်စီးလာစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ မှ တော်လှန်ရေး ရဲဘော်များက ကျွန်းနက်ကုန်းရွာထိပ်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အုပ်ချုပ်ရေးမှူး သောင်းကြည်၏ ရင်ဘတ် နှင့် ဝမ်းဗိုက်ကို ကျည်ထိမှန်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အသေပစ်ခတ်ရန် လုပ်ဆောင်ခဲ့သော်လည်း မဘသ ဘုန်းကြီး ၁ ပါးက ပစ်ခတ်၍ မရအောင် ကာထားသောကြောင့် ဆက်လက် ပစ်ခတ်နိုင်ခဲ့ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

ပြင်းထန် ဒဏ်ရာရရှိခဲ့သော အုပ်ချုပ်ရေးမှူး သောင်းကြည် သည် စစ်တပ် ထောက်တိုင် အမာခံ ၁ ဦးဖြစ်ကာ တော်​လှန်​ရေး တပ်ဖွဲ့များနှင့် PDF ရဲဘော်များ၏ အချက်အလက်များ​ကို စစ်တပ်ထံ ထောက်​လှမ်း​ သတင်းပို့ခြင်း၊ လူငယ်များကို အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေသူ ဖြစ်ကြောင်း သိရသည်။

“ဘုန်းကြီးက ဆိုင်ကယ် ၁ စီး၊ အုပ်ကြီးနဲ့ သူ့တပည့်က ဆိုင်ကယ် ၁ စီးနဲ့လာတာ အုပ်ကြီး ရင်ဘတ်နဲ့ ဗိုက်ကို တစ်ချက်စီပစ်ပြီး ခေါင်းကို ပစ်ဖို့လုပ်နေတုန်း မဘသ ဘုန်းကြီးက အတင်းဝင်ကာတာ မဘသ ဘုန်းကြီးသာ ဝင်မကာရင် အုပ်ကြီးကို အသေပစ်နိုင်မှာ အဲ့မဘသဘုန်းကြီးက ရွှေပန်းတောကျောင်းက ခမ်းဒေဘုန်းကြီးလို့သိရတယ်။ အုပ်ကြီးသောင်းကြည်ကြောင့် လူငယ်တွေ စစ်ခွေး တပ်ထဲရောက်ကုန်တယ် ပြည်သူတွေကို အမျိုးမျိုးဒုက္ခပေးနေတဲ့သူပါ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသော စစ်ကောင်စီ တပ်သားများနှင့် စစ်တပ် ဒေါက်တိုင် များကို အချိန်နေရာမရွေး တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ၄င်းတို့ အနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန်နှင့် သတိပေးချက်အား မလိုက်နာ၍ ထိခိုက်မှုတစုံတရာ ဖြစ်ပွားလာပါက တာဝန်ယူ ဖြေရှင်းသွားမည်မဟုတ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် ပျူစောထီး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ပစ်ခတ်မှု ဖြစ်ပွားပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ သဇင်ရွာမှ ပျူစောထီး မြင့်သူ နှင့် ခက်ခဲ ဆိုသူတို့ အချင်းချင်း စကားများ ရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားကာ ပျူစောထီး မြင့်သူ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး မြင့်သူ ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် သဂြိုလ်လိုက်ပြီး ပျူစောထီး ခက်ခဲ ဆိုသူကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲများက ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ဘာကိစ္စကြောင့် စကားများ ရန်ဖြစ်ကျတယ်ဆိုတာတော့ မသိဘူး။ ၂ ကောင်လုံးကတော့ ကောင်းတဲ့ ကောင်တွေမဟုတ်ဘူး။ ပြည်သူတွေကို နည်းမျိုးစုံ ဒုက္ခပေးနေတဲ့ ကောင်တွေပဲ။ အဲ‌ ၂ ကောင်က ညီအကိုတွေ အကိုဖြစ်သူက ညီဖြစ်သူပစ်လိုက်တာ အကိုဖြစ်သူ ခက်ခဲ ဆိုတဲ့ ကောင်ကို ရဲတွေ ဖမ်းသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article