ရန်ကုန်၊ မတ် ၆
နိုင်ငံတကာ နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ် အတည်ပြုလက်မှတ် နိုင်ရေးမှာ စစ်အာဏာသိမ်းမှုကြောင့် အဟောသိကံ ဖြစ်သွားကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောဆိုသည်။
မတ်လ ၅ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ၊ ကုလသမဂ္ဂဌာနချုပ်တွင် နျူကလီးယားလက် နက် များ တားမြစ်ရေးစာချုပ် အဖွဲ့ဝင်နိုင်ငံများ၏ တတိယအကြိမ် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ဗီယင်နာလုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှု၏ သိသာထင်ရှားသော တိုးတက်မှုများကို ကြိုဆိုသည့်အပြင် ပြီးခဲ့သည့် နှစ်က အင်ဒိုနီးရှား၊ ဆော်တူမေးနှင့် ပရင်စီပီ၊ ဆီယာရာလီယွန်နှင့် ဆော်လမွန်ကျွန်းစုနိုင်ငံတို့၏ အတည်ပြုလက်မှတ်ရေးထိုးခြင်းတို့ကိုလည်း ကြိုဆိုကြောင်း၊ နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ် အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အာဏာသက်ဝင်မှုရရှိရန်မှာ အလွန်အရေးကြီးသည်ဟု မြန်မာနိုင်ငံ က ယုံကြည်ကြောင်း၊ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အတည်ပြု လက်မှတ်ရေးထိုးနိုင်ကြရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို ကို တိုက်တွန်းကြောင်း ဦးကျော်မိုးထွန်းက ဆိုသည်။
ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက်တွင် မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ်ကို ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး၊ အဆိုပါဆောင်ရွက်ချက်နှင့်အညီ အတည်ပြုလက်မှတ်ရေးထိုးခြင်းလုပ်ငန်းစဉ်ကိုလည်း ဆောင်ရွက်ခဲ့ပါ ကြောင်း၊ သို့ရာတွင် ၂၀၂၁ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်၏ တရားမဝင် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုကြောင့် နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ်ကို အတည်ပြုလက်မှတ် ရေးထိုးနိုင်ရေး လုပ်ငန်းစဉ်များမှာ အဟောသိကံ ဖြစ်ခဲ့ရကြောင်း ၎င်းက ဆိုသည်။
တရားမဝင်စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော အခက်အခဲများနှင့် စိန်ခေါ်မှုများ ရှိလင့်ကစား မြန်မာ နိုင်ငံအနေဖြင့် စာချုပ်၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကို ဆက်လက်ထိန်းသိမ်းရန် ကတိကဝတ်ပြုထားကြောင်း၊ အခြေအနေပေးသည်နှင့် မိမိတို့ အနေဖြင့် နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ်၏ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း၊ နိုင်ငံအဆင့်၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တို့တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့သည် နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ်၏ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းပါဝင်လာစေရေး ကြိုးပမ်းမှုများတွင် တိုးတက်မှုရရှိရန် အထောက်အကူပြုနိုင်သည်ဟု ယူဆပါကြောင်း ၎င်းက ရှင်းပြသည်။
သို့ရာတွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုနှင့် စစ်တပ်က ဆက်လက်ကျူးလွန်နေသည့် ရက်စက် ကြမ်းကြုတ်မှု များသည် နိုင်ငံ၏ ငြိမ်းချမ်းရေးအခြေခံများကို ပြိုကွဲစေခဲ့ပြီး၊ နိုင်ငံသား များအပါ် ဆင်းရဲဒုက္ခများ ပေါ်ပေါက်စေကာ ဒေသတွင်း ငြိမ်းချမ်း၊ တည်ငြိမ်ရေးကိုလည်း ထိခိုက်စေ ကြောင်း၊ ပြဿနာ အရင်းအမြစ်ကိုဖြေရှင်းရန် နှင့် မြန်မာပြည်သူများအပေါ် ပံ့ပိုးကူညီပေးရန် နိုင်ငံတကာ အသိုက်အဝန်းအား တိုက်တွန်းကြောင်း၊ အကြမ်းဖက် စစ်တပ် ထံသို့ လက်နက်ခဲယမ်း၊ စစ်လက်နက်ပစ္စည်းများနှင့် ဂျက်လေယာဉ်ဆီ စီးဆင်းမှုကို ဖြတ်တောက်ခြင်းဖြင့် မြန်မာပြည်သူ များကို ကူညီပေးကြပါရန် ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံသည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာအနေဖြင့် စစ်တပ်ထံသို့ လက်နက်ခဲယမ်း၊ စစ်လက်နက်ပစ္စည်းများနှင့် ဂျက်လေယာဉ်ဆီ စီးဆင်းမှုကို ဖြတ်တောက်ရန် တောင်းဆိုနေချိန် စစ်ကောင်စီက ရုရှား၏ အကူအညီဖြင့် နူကလီးယားဓာတ်ပေါင်းဖိုတစ်ခုကို မြန်မာနိုင်ငံတွင် တည်ဆောက်ရန် သဘောတူညီမှု ရရှိထားကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


