ရန်ကုန်၊ မတ် ၇
ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် PDF အသွင်ယူပြီး ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း နဂါးဖြူးစစ်ကြောင်း PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၆ ရက်နေ့ နံနက် ၁၁ နာရီ ၂၆ မိနစ်ခန့်တွင် ရန်ကုန်-မော်လမြိုင် လမ်းမကြီးရှိ ကျိုက်ထို-ဘီးလင်း လမ်းပိုင်းတွင် စစ်ယာဉ်တန်း လုံခြုံရေး အတွက် PDF အသွင်ယူပြီး ကင်းပုန်းဝပ်နေသော စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်း ထိတွေ့တိုက်ပွဲသည် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ထိ ဖြစ်ပွားခဲ့ကာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံးကာ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက PDF ယူနီဖောင်းတွေနဲ့ကို လာတာရန်သူက PDF အသွင်ယူပြီး ချဥ်းကပ်နေတာဖြစ်တဲ့အတွက် အဖွဲ့တိုင်းမှာရှိတဲ့ ရဲဘော်တွေကို အစစအရာရာ ပိုပြီးဂရုစိုက်စေချင်တယ်။ ဘယ်အဖွဲ့က ဘယ်သူမှ ဘာမှထပ်မဖြစ်စချင်ဘူး။ အားလုံး သတိအမြဲရှိနေစေချင်ပါတယ်” ဟု နဂါးဖြူးစစ်ကြောင်း PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို နဂါးဖြူးစစ်ကြောင်း PDF အဖွဲ့နှင့် တပ်ရင်း ၇၈၀၅ တပ်ဖွဲ့ ၄ သပြေညိုစစ်ကြောင်း ပူပေါင်းအဖွဲ့တို့က လုပ်ဆောင်ခဲ့ပြီး တိုက်ပွဲအတွင်းကျဆုံးခဲ့သော ရဲဘော် Demon ၏ ပေးဆပ်မှုသည် ကြီးမားလွန်းလှပြီး တော်လှန်ရေး အောင် မြင်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု ကတိပြုကြောင်း နဂါးဖြူးစစ်ကြောင်း PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
