ရန်ကုန်၊ မတ် ၇
စစ်အုပ်စုက ထိန်းချုပ်ထားသည့် အလွန့်အလွန်အမြတ်အစွန်းများသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ပြီးနောက် သုံးနှစ်ကျော် ကြာမြင့်လာသည့်အချိန်အထိ ဆွစ်ဇာလန်နိုင်ငံသည် MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ရန် ပျက် ကွက်နေကြောင်း JFM က ရှင်းပြသည်။
ဆွစ်ဇာလန်က MOGE နှင့် မိတ်ဖက်များကို ဆွစ်ဘဏ္ဍာရေးစနစ်ကို အသုံးပြုနိုင်ရန် ခွင့်ပြုပေးသည့် ဆွစ်ကုမ္ပဏီ များကို မြန်မာနိုင်ငံရှိ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် ပါဝင်လုပ်ကိုင်ခွင့်ရှိသည့် ထွက်ပေါက်တစ်ခုကို ဖန်တီးပေးလိုက်ခြင်းအားဖြင့် အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ထိခိုက်ပျက်ပြားစေကြောင်း၊ ဆွစ်ဇာလန်က ကိုယ်တိုင် ဒဏ်ခတ်ပိတ်ဆို့မှုများကို ချမှတ်ခြင်းထက် အီးယူ၊ ကုလသမဂ္ဂနှင့် ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့အစည်း တို့က ချမှတ်သည့် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများကို ကုန်သွယ်မှု ပိတ်ပင်ရေးအက်ဥပဒေအရ လိုက်နာအကောင်အထည်ရန် လိုအပ်ကြောင်း JFM က ထောက်ပြသည်။
ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍသည် စစ်အုပ်စုအတွက် အကြီးဆုံးသောနိုင်ငံခြားဝင်ငွေရင်းမြစ် ဖြစ်ပြီး ရေနံနှင့်သဘာဝဓါတ်ငွေ့ဝင်ငွေများကို စစ်အုပ်စု ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် လိုအပ်သည့် စစ်လက်နက်များ၊ လေယာဉ်ဆီများနှင့် အခြားထောက်ပံ့ရေး ပစ္စည်းများကို ဝယ်ယူရာတွင် အသုံးပြုနေကြောင်း ၊ စစ်အုပ်စု၏ အချက်အလက်များအရ မြန်မာ့သဘာဝဓါတ်ငွေ့တင်ပို့မှုများသည် ၂၀၂၃ ခုနှစ် ပထမသုံးလမှ ဇွန်လအတွင်း အမေရိကန်ဒေါ်လာ ၈၄၁ ဒသမ ၇ သန်းရှိခဲ့ကြောင်း သိရှိရသည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဆွစ်ဇာလန်အနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်သင့်ပြီး၊ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရေးတကြီး ချမှတ်သင့်ပါတယ်။ စစ်အုပ်စုရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု လေးနှစ်ကျော်ကြာမြင့်လာခဲ့ပြီးတဲ့နောက် သူတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကလည်း ပိုလို့သာ ပြင်းထန်လာခဲ့ပြီး၊ ဒီအကြမ်းဖက်စစ်ဆင်ရေးတွေကို ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍက ငွေကြေး ဖြည့်ဆည်းထောက်ပံ့နေတာ ဖြစ်ပါတယ်။ စစ်အုပ်စုက လူတွေအစုလိုက်အပြုံလိုက်သတ်ဖို့၊ လူပေါင်း ၃.၅ သန်းကျော် နေရပ်စွန့်ခွာစေခဲ့တဲ့ သူ့တို့ရဲ့ အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်ဖို့၊ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်ပြီးကျူးလွန်ဖို့ လိုအပ်တဲ့ စစ်လက်နက်တွေနဲ့ လေယာဉ်ဆီတွေ ဝယ်ယူဖို့ ဓါတ်ငွေ့ဝင်ငွေတွေကို အသုံးပြုနေပါတယ်။ သုံးနှစ်ကျော်ကြာတဲ့အထိ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ ပျက်ကွက်ခဲ့ခြင်းဟာ ဆွစ်ဇာလန်နိုင်ငံအနေနဲ့ အန္တရာယ်ရှိတဲ့ ကယ်ပေါက်တစ်ခုကို ဖန်တီးပေးလိုက်တာပါ။ ဒီကယ်ပေါက်က အီးယူနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထိခိုက်ပျက်ပြားစေရုံသာမက ဆွစ်ကုမ္ပဏီတွေကို မြန်မာနိုင်ငံရဲ့ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍမှာ ပုံမှန်အတိုင်း စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ကြောင်း မီးစိမ်းပြလိုက်တာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံအနေနဲ့ အီးယူဒဏ်ခတ်ပတ်ဆို့မှုတွေကို အပြည့်အဝအကောင်အထည်ဖော်ခြင်းနဲ့အတူ အဲ့ဒီ ကယ်ပေါက်ကို ပိတ်လိုက်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ဓာတ်ပုံ – ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန် ပြုလုပ်ခဲ့သော MOGE ကို ဆန္ဒပြလှုပ်ရှားမှုတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
