တောင်ငူမြို့ မြို့ရှောင်လမ်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဖောက်ခွဲ တိုက်ခိုက်
ပဲခူးတိုင်း၊ တောင်ငူမြို့ မြို့ရှောင်လမ်းရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း တောင်ငူမြို့နယ် ပကဖ မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၇ ရက်နေ့ ညပိုင်းတွင် တောင်ငူမြို့ မြို့ရှောင်လမ်းရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို တောင်ငူမြို့နယ် ပကဖ မှ တော်လှန်ရေး ရဲဘော်များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှု အရေအတွကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ဖောက်ခွဲ တိုက်ခိုက်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ရန်ကုန်-မန္တလေး လမ်းဟောင်း နှစ်ဆောင်ပြိုင်ကနေ တောင်ငူမြို့ကို ရှောင်ပြီးဖောက်ထားတဲ့ မြို့ရှောင်လမ်းမှာရှိတဲ့ စစ်ခွေး စစ်ဆေးရေးစခန်းကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ထိခိုက်မှုကိုတော့ အတည်မပြုနိုင်သေးပါဘူး” ဟု တောင်ငူမြို့နယ် ပကဖ မှတာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထိုတိုက်ခိုက်မှုသည် တောင်ငူမြို့ အရှေ့ဘက် တပ်မဟာ ၂ KNU ထိန်းချုပ်နယ်မြေ အတွင်းရှိ ဒေသ ပြည်သူများ၏ နေအိမ်များကို အကြမ်းဖက် စစ်တပ်က လေကြောင်း အသုံးပြု တိုက်ခိုက်နေခြင်းကြောင့် ဒေသတွင်း တော်လှန်ရေးအဖွဲ့က လက်တုန့်ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ထိုးစစ်ကို ဝေဝါးပြီး စစ်မျက်နှာ ပျံ့စေရန် ရည်ရွယ်၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း တောင်ငူမြို့နယ် ပကဖ မှတာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
