ရေဦးမြို့ပေါ်တွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၂၈ မိနစ်ခန့်တွင် ရေဦးမြို့ ရွှေပြည်သာရပ်ကွက် မေဂဝန်ကျောင်းအတွင်း ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်သော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ ထိခိုက်မှုရှိနိုင်ပါတယ်။ အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး။ ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
