ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာ စာသင်ကျောင်းပေါ်ကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည် သူ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ ဦး ထိခိုက် ဒဏ်ရာရ
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာ စာသင်ကျောင်းပေါ်ကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ကျောင်းသူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း We Love Myaing အဖွဲ့နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာ စာသင်ကျောင်းကို ကပစ ၂၂ မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းပေါ်သို့ ဗုံးသီး ၁ လုံး၊ စာသင်ကျောင်းဘေးရှိ နေအိမ်ပေါ် ဗုံးသီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကျေးရွာနေ ပြည်သူ အသက် ၅၅ အရွယ် ဒေါ်တင့် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျောင်းသူ မိန်းကလေးငယ် ၁ ဦးလည်း လက်တွင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“အထက ကျောင်းက အဲဒီရွာမှာပဲရှိလို့ ဘေးရွာက ကျောင်သား၊ ကျောင်းသူတွေပါ လာတက်ကြတာ ကျောင်းလာကြိုတဲ့သူတွေဆိုရင် စက်တပ်လေထီးသံကြားလို့ လမ်းဘေးထိုးရပ်ပြီး သစ်ပင်အောက် ဝင်ပုန်းနေကြရတာ ကျောင်းဆင်းပြီးစ အချိန်လေးမို့ ကလေးတွေ လွတ်မြောက်သွားတာ ဗုံးသီးက ကျောင်းပေါ် ၁ လုံး၊ ကျောင်းတောင်ဘက်မှာရှိတဲ့ နေအိမ်ပေါ် ၁ လုံးကျကွဲတာ ဗုံးကျဲ တိုက်ခိုက်မှုအတွင်းမှာ ကျေးရွာနေ ပြည်သူ အသက် ၅၅ အရွယ် ဒေါ်တင့် ပွဲချင်းပြီး သေဆုံးတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – ပေါက်မြို့နယ်တွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပျက်စီးသွားသော ပြည်သူပိုင် နေအိမ် ၁ လုံး (ပုံအဟောင်းဖြစ်သည်)
