ရန်ကုန်၊ မတ် ၁၂
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ဆင်ကုန်းရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၆ ရက်နေ့တွင် မွန်းလွဲ ၂ နာရီခန့်တွင် ဗန်းမော်မြို့ ဆင်းကုန်းရပ်ကွက်ရှိ စာသင်ကျောင်းအနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ် ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဆင်ကုန်းရပ်ကွက်က စာသင်ကျောင်းနားကို စစ်တပ် လေယာဉ်က ဗုံးကျဲချလို့ ကလေးငယ်လေး ထိသွားတာ ဒဏ်ရာအခြေ အနေ ပြင်းထန်တယ်” ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောဆိုသည်။
မတ်လပိုင်းမှ စတင်၍ ဗန်းမော်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ လက်ကျန်စခန်းအားလုံးကို KIA က တိုက်ခိုက်သိမ်းပိုက်ရန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်ကလည်း ၎င်းတို့ တပ်စခန်းများ မကျဆုံးရေးအတွင် အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထားပြီး လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ မထုလေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Kalewa People Defense က ပြောဆိုသည်။
မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ကလေးဝမြို့နယ်၊ မထုလေးကျေးရွာကို မစိန်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများက ဒရန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်မှု အတွင်း မထုလေးရွာမှ အသက် ၇၄ နှစ်အရွယ် ဦးခင်အောင်၊ အသက် ၃၆ နှစ်အရွယ် ဒေါ်မာမာမြင့်၊ အသက် ၆ နှစ်အရွယ် မောင်ဖြိုးခန့် နှင့် အသက် ၇ နှစ်အရွယ် မောင်နေလင်းခန့် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
