ရန်ကုန်၊ မတ် ၁၃
အကြမ်းဖက်စစ်ကောင်စီက ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ပညာသင်ပြီးစီးခဲ့သော ဆရာဝန် ၁၀၂၂ ဦးကို ၎င်းတို့၏ လက်အောက်တွင် အမှုမထမ်းဟုဆိုကာ စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း၍ ပြည်ပထွက်ခွင့်ပိတ်ပင်သော်လည်း မင်းသမီး ပိုးမမှီသာ အပါအဝင် စစ်တပ်အသိုင်းအ၀ိုင်း၏ သားသမီးဆရာဝန်များကိုမူ ပြည်ပထွက်ခွင့်ပြုထားကြောင်း ဆရာဝန်အသိုင်းအ၀ိုင်းက ပြောဆိုသည်။
ရုပ်ရှင်သရုပ်ဆောင် မင်းသမီး ပိုးမမှီသာသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအထိ ဆေးတက္ကသိုလ်တက်ရောက် ပညာသင်ယူပြီးစီးခဲ့သော ဆရာဝန်တစ်ဦးဖြစ်ပြီး စစ်ကောင်စီလက်အောက်တွင်လည်း အမှုထမ်းခြင်းမရှိကြောင်း၊ သို့ရာတွင် ၎င်းကိုမူ နာမည်ပျက်စာရင်း သွင်းခြင်းမပြုဘဲ ပြည်ပထွက်ခွင့်ပြုထားကြောင်း သိရှိရသည်။
“မင်းသမီး ပိုးမမှီသာဆိုရင်လည်း ကျနော်တို့ Batch ပဲ ။ ဒါပေမယ့် သူ့ကျတော့ နာမည်ပျက်စာရင်းလည်း မသွင်းထားဘူး။ သူကလည်း စစ်ကောင်စီလက်အောက်မှာ ဆရာဝန်လုပ်နေတာမဟုတ်ဘူး။ အဲဒီလိုပဲ ကျနော်တို့ Batch ဖြစ်တဲ့တိုင်အောင် စစ်တပ်အသိုင်းအဝိုင်းရဲ့ သားသမီး ဆရာဝန်တွေကတော့ နိုင်ငံခြားကို ဝင်လိုက် ထွက်လိုက် သွားလို့ရနေတယ် ။ အာဏာရှိတဲ့အသိုင်းအ၀ိုင်းနဲ့နီးစပ်ပြီး ငွေပေးနိုင်တဲ့သူလည်း ပြည်ပထွက်ခွင့် ရနေတယ်။ မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုသလို။ သူတို့သားသမီးတွေကျတော့ သူတို့ လက်အောက် အမှုမထမ်းလည်း ဘာမှ အရေးမယူဘဲ ပြည်ပထွက်ခွင့်ပြုနေတာ” ဟု အမည်ပျက်စာရင်း အသွင်းခံထားရသည့် ဆရာဝန်တစ်ဦးက ရှင်းပြသည်။
လက်ရှိ အမည်ပျက်စာရင်းထည့်သွင်း ပိတ်ပင်ခံထားရသော ဆရာဝန်များကို ကျန်းမာရေးဝန်ကြီးဌာနအောက်တွင် အမှုထမ်းလျှင် အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကောင်စီက ကမ်းလှမ်း အသိပေးထားကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတစ်ဝန်း ဆေးတက္ကသိုလ်များတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ်ဒီဇင်ဘာလအထိ ပညာသင်ယူပြီးစီးခဲ့သော ဆရာဝန် ၁၀၂၂ ဦးကို နိုင်ငံ့ဝန်ထမ်း မလုပ်၍ စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းကာ ဆေး ပညာဘွဲ့နှင့်ဆေးကုသခွင့်လက်မှတ် (ဆမ) မပေးဘဲ ပြည်ပထွက်ခွင့်နှင့်ပညာဆက်လက်သင်ကြားကိုပါ စစ်ကောင်စီက ပိတ်ပင်ခဲ့သည်။
ထိုသို့ ပိတ်ပင်မှုကို မင်းအောင်လှိုင်၏ အမိန့်ဖြင့် ကျန်းမာရေးဝန်ကြီး သက်ခိုင်ဝင်းနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တင်ထွန်းတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှစတင်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ ဆေးတက္ကသိုလ်များတွင် ကျောင်းသားကျောင်းသူ ၁၀၀၀ ကျော် ဆေးကျောင်းတက်ခဲ့ကြပြီး အလုပ်သင်ဆင်းခြင်း အပါအဝင် ၂၀၂၀ ခုနှစ်ဒီဇင်ဘာလတွင် ပညာသင်ယူမှု ပြီးဆုံးခဲ့ကြကြောင်း၊ ထိုအချိန်တွင် စစ်ကောင်စီက ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ကျောင်းပြီးခဲ့ကြသော ဆရာဝန်များကို ၎င်း၏ လက်အောက်တွင် ဝင်ရောက် အလုပ် လုပ်ကိုင်ရန် အမိန့်ပေးခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ပညာသင်ယူမှု ပြီးဆုံးခဲ့ကြသော ဆရာဝန်အများစုက နိုင်ငံရေးအခြေအနေများကြောင့် စစ်ကောင်စီ လက်အောက်ခံတွင် အလုပ်လုပ်ရန် ငြင်းဆန်ခဲ့ကြသဖြင့် ယင်းသို့ စစ်ကောင်စီက ပိတ်ပင်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အမည်ပျက်စာရင်းသွင်းခံထားရသော ဆရာဝန် ၁၀၂၂ ဦးအနက်မှ ၁၀၀ ဝန်းကျင်ကသာ စစ်ကောင်စီလက် အောက် တွင် အလုပ် ဝင်ခဲ့ကြပြီး အများစုမှာ ယခုအချိန်အထိ လက်မှတ်ရေးထိုးခဲ့သော ကတိဝန်ခံချက် စာချုပ်ပါ သဘောတူညီချက်အတိုင်း ငွေကျပ် ၁၀ သိန်းပေးလျှော်ရန် ဆန္ဒရှိကြကြောင်း၊ သို့ရာတွင် စစ်ကောင်စီက ငွေ ၁၀ သိန်းပေးလျှော်မှုကို လက်မခံဘဲ အမည်ပျက်စာရင်းသွင်း၍ ဆရာဝန်များအားလုံးကို ပြည်ပထွက်ခွင့်နှင့် ပညာသင်ကြားခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ယခုမတ်လလယ်တွင် ပြုလုပ်မည့် ဆေးပညာဘွဲ့နှင်းသဘင်များတွင်လည်း အမည်ပျက်စာရင်းသွင်းထားသူများကို ဆေးပညာဘွဲ့ မပေးဟု အသိပေးလာပြီး စစ်ကောင်စီလက်အောက်တွင် အမှုထမ်းသူများကိုသာ ဆေးပညာဘွဲ့ ပေးမည်ဖြစ်သည်။
တစ်နိုင်ငံလုံးတွင် ကျန်းမာ ရေးဝန်ထမ်း ၁ဝ၃၂၁၄ ဦးရှိသည့်အနက် စစ်တပ်အာဏာသိမ်းမှုကြောင့် ကျန်းမာရေးဝန်ထမ်း ၄၇၂၅၄ ဦး CDM လုပ်ခဲ့ကြခြင်းဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တွန်းလှန်ခဲ့ကြသည်။
ဓာတ်ပုံ – ၂၀၁၃ မှ ၂၀၂၀ ခုနှစ်အတွင်း ပညာသင်ယူပြီးစီးခဲ့သော ဆရာဝန်တစ်ဦးဖြစ်သော်လည်း အမည်ပျက်စာရင်းမပါဘဲ ပြည်ပသို့ မကြာခဏ သွားခွင့်ရနေသည့် မင်းသမီး ပိုးမမှီသာ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

