ဘီလာရုစ်နိုင်ငံက စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူများ စေလွှတ်ပေးမည်ဆိုသည့်အပေါ် အရပ်ဘက်အဖွဲ့အစည်းများ ပြစ်တင်ရှုတ်ချ
ဘီလာရုစ်နိုင်ငံက စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူများ စေလွှတ်ပေးမည်ဆိုသည့်အပေါ် အရပ်ဘက်အဖွဲ့အစည်းများက ပြစ်တင်ရှုတ်ချလိုက်ကြသည်။
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြီးခဲ့သည့်ရက်သတ္တပတ်ခန့်က ရုရှနိုင်ငံနှင့် ဘီလာရုစ်နိုင်ငံများသို့ သွားရောက်ခဲ့ပြီး၊ ၄င်း၏ခရီးစဥ်အတွင်း ရုရှားနှင့် ဘီလာရုစ်အစိုးရများက စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲကို ထောက်ခံသွားမည်ဟု ပြောကြားခဲ့ကြောင်း စစ်အုပ်စု၏ ဝါဒဖြန့်ချီရေးမီဒီယာများတွင် ဖော်ပြခဲ့ကြသည်။
အထူးသဖြင့် ဘီလာရုစ်ခရီးစဉ်တွင် မင်းအောင်လှိုင်က ဘီလာရုစ်သမ္မတ အာဏာရှင် အလက်ဆန်းဒါး လူကာရှင်ကို ထံ တရားမဝင် ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာသူများ စေလွှတ်ပေးရန် တောင်းဆိုခဲ့ပြီး၊ လူကာရှင်ကိုက လက်ခံခဲ့သည်ဟု ဒေသတွင်းသတင်းများတွင် ဖော်ပြခဲ့ကြသည်။
မင်းအောင်လှိုင်က ၄င်း၏ခရီးစဥ်အတွင်း ယခုနှစ်ကုန် ဒီဇင်ဘာလ (သို့မဟုတ်) ရှေ့နှစ်အစပိုင်း ဇန်နဝါရီလတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောကြားခဲ့ပြီး၊ ရုရှား အစိုးရကလည်း စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲကို ထောက်ခံသွားမည်ဟု ပြောကြားခဲ့ကြောင်း စစ်အုပ်စု၏ ဝါဒဖြန့်ချီရေးမီဒီယာများတွင် ဖော်ပြခဲ့ကြသည်။
ထိုသို့ စစ်အုပ်စုကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ဘီလာရုစ် နှင့် ရုရှားအစိုးရတို့က အကူအညီပေးနေမှုအပေါ် ရှုတ်ချကြောင်း အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Defend Myanmar Democracy အဖွဲ့ ယနေ့ထုတ်ပြန်ခဲ့သည်။
Defend Myanmar Democracy ရဲ့ ပြောရေးဆိုခွင့်ရှိသူ နော်အောင်က “အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲလုပ်ရတဲ့အကြောင်းရင်းက သူတို့ရဲ့ တရားမဝင်အာဏာ အတင်းသိမ်းဖို့ကြိုးပမ်းခဲ့တာကို တရားဝင်မှုရအောင် အားထုတ်မှုတစ်ရပ်သာဖြစ်တယ်လို့ ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ပြောချင်ပါတယ်” ဟုဆိုသည်။
“အလားတူပဲ လူကာရှင်ကိုရဲ့ ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံလာပြီး ရွေးကောက်ပွဲစောင့်ကြည့်မယ်ဆိုတာဟာ တရားမဝင် ရွေးကောက်ပွဲ တစ်ခုမှာ အာဏာရှင်တစ်စုက ရာဇဝတ်ကောင်စစ်အုပ်စုကို ထောက်ခံကူညီပေးသာဖြစ်တယ်”
“လူကာရှင်ကိုရဲ့ ရာဇဝတ်ကောင်စစ်အုပ်စုကို ထောက်ပံ့ကူညီနေတာတွေကို ကျွန်တော်တို့ ရှုတ်ချပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရုန်းကန်နေကြတဲ့ ပြည်သူတွေကို ကူညီပြီး ရာဇဝတ်ကောင်စစ်အုပ်နဲ့ သူရဲ့အပေါင်းအပါတွေ အားထုတ်ဖော်ဆောင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲမှန်သမျှကို ငြင်းပယ်ဆန့်ကျင်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့ ဘီလာရုစ်ပြည်သူတွေနဲ့လည်း ကျွန်တော်တို့ တစ်သားတည်း ရပ်တည်ပါတယ်” ဟုလည်း ၄င်းက ဆက်လက်ပြောဆိုသည်။
ဘီလာရုစ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုသည် နိုင်ငံကို နှစ်ပေါင်း ၃၀ ကျော်ကြာ အင်အားသုံး တင်းကျပ်စွာ ချုပ်ကိုင်အုပ်စိုးခဲ့သည့်အတွက် ဥရောပ၏ နောက်ဆုံး အာဏာရှင်အဖြစ် ရည်ညွှန်းကြသည်။
၂၀၂၀ ခုနှစ် ဘီလာရုစ် အထွေထွေရွေးကောက်ပွဲတွင်လည်း အတိုက်အခံပါတီက မဲ ၆၀ ရာခိုင်နှုန်း နဲ့ အနိုင်ရသည်ကို အာဏာလွှဲပြောင်းပေးခြင်းမရှိဘဲ အဓိက အတိုက်အခံခေါင်းဆောင်များအား ဖမ်းဆီးကာ အာဏာကို အင်အားသုံးဆက်လက်ချုပ်ကိုင်ခဲ့သည်။။
၂၀၂၅ ခုနှစ် ဘီလာရုစ်နိုင်ငံ အထွေထွေရွေးကောက်ပွဲ၌ လူကာရှင်ကိုက ထောက်ခံမဲ ၈၇ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု ကြေညာခဲ့ပြီးနောက်၊ အတုအယောင်ရလဒ်ကို ငြင်းပယ်သော ဆန္ဒပြပွဲများ ကျယ်ကျယ်လောင်လောင် ဖြစ်ပေါ်ခဲ့သည်။
ဘီလာရုစ် အာဏာရှင် လူကာရှန်ကို နှင့် သူ၏အစိုးရအဖွဲ့အား အမေရိကန်၊ ဥရောပနှင့် ဩစတြးလျနိုင်ငံ၊ ဂျပန် ၊ နယူးဇီလန်နိုင်ငံတို့က အမည်ပျက်စာရင်းသွင်းထားပြီး အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည်။


