30 C
Yangon

စလင်းတွင် စစ်တပ်က အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးကို မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီး ၊ ပြည်သူ ၁ သောင်း ကျော်ထွက်ပြေးတိမ်းရှောင်နေရ

Must read

စလင်းတွင် စစ်တပ်က အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးကို မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီး ၊ ပြည်သူ ၁ သောင်း ကျော်ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၁၅

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးကို မီးရှို့သတ်ဖြတ်ပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၄၀၀ ကျော်ပြာကျကာ ကျေးရွာ ၂၄ ခုမှ ပြည်သူ ၁ သောင်း ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၂ ရက်နေ့တွင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ရှိ နေပူကန်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်းစဉ် အသက် ၅၀ ကျော် စိတ်ရောဂါ ခံစားနေရသည့် အမျိုးသမီး ၁ ဦးကို မီးရှို့သတ်ဖြတ်ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင်းနေအိမ်များကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မတ်လ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကုက္ကိုတန်းရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ် အများအပြား မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် နေပူကန်ရွာနှင့် ကုက္ကိုတန်းရွာမှ နေအိမ် ၄၀၀ ကျော်ပြာကျခဲ့ပြီး ကျေးရွာပေါင်း ၂၄ ခုမှ ပြည်သူ ၁၆၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ စစ်ဘေးရှောင် ပြည်သူများသည် လက်ရှိချိန်တွင် အရေးပေါ် စားနပ်ရိက္ခာများလိုအပ်နေပြီး ဆေးဝါးနှင့် အဝတ်အထည်များလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

“စစ်ခွေး စစ်ကြောင်းက မတ်လ ၁၂ ရက်နေ့မှာ နေပူကန်ရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ ကျေးရွာအတွင်းက အသက် ၅၀ ကျော်အရွယ် စိတ်ကျန်းမာရေး မကောင်းတဲ့ အမျိုးသမီးကြီး ၁ ဦးကို ဘေးကင်းရာကို ခေါ်ဆောင်နိုင်ခြင်း မရဘဲ မီးလောင် သေဆုံးခဲ့တယ်။ မတ် ၁၃ ရက်နေ့မှာ ကုက္ကိုတန်းရွာကို စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ နေအိမ်တွေ ထပ်မံ မီးလောင်ပြာကျသွားတယ်။ ကျေးရွာ ၂ ရွာလုံး ကုန်လု နီးနီးကို မီးလောင်ကျွမ်းသွားတာ နှစ်ရွာပေါင်း နေအိမ် ၄၀၀ နီးပါး ပြာကျသွားတယ်။ ကျေးရွာ ၂၄ ရွာက လူဦးရေ ၁၆၀၀၀ ခန့်လောက် စစ်ရှောင်နေရတယ်။ ပြည်သူတွေက အဝတ် တစ်ထည်ကိုယ် တစ်ခုနဲ့ ပြေးခဲ့ရရှာတာဆိုတော့ စားနပ်ရိက္ခာတွေလည်း အရေးပေါ် လိုအပ်နေတယ်” ဟု စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၇ ရက်နေ့တွင် မင်းဘူးဘက်မှ နေ၍ စစ်ယာဉ်တန်းဖြင့် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းနေခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများက ပြည်သူပိုင် နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article