ရန်ကုန်၊ မတ် ၁၇
ပဲခူးတိုင်း၊ အင်းမမြို့ တပ်မ ၆၆ အတွင်း ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ် ၂ ဦးနှင့် နတ်တလင်းမြို့နယ်မှ ပျူစောထီး ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ နတ်စစ်သည် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၅ ရက်နေ့တွင် အင်းမမြို့ အခြေစိုက် တပ်မ ၆၆ အတွင်း အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးပြီး ထိန်းသိမ်းခံထားရသော လူငယ် ၂ ဦးသည် တော်လှန်ရေး တပ်ဖွဲ့များထံ ဆက်သွယ်လာသော နတ်စစ်သည် တပ်ဖွဲ့နှင့် ရွှေတောင်ပကဖ တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက သွားရောက်ကယ်ထုတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုဆောင်းခံရသူ ၂ ဦးသည် ပြည်မြို့တွင် နေထိုင်သူများဖြစ်ပြီး ရွှေတောင်ပကဖ အဖွဲ့ထံ ဝင်ရောက်ကာ အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် မတ်လ ၁၅ ရက်နေ့ နတ်တလင်းမြို့နယ်၊ ပျဉ်ပုံရွာမှ ပျူစောထီး တစ်ဦးသည် 7.62 ကျည်များ ယူဆောင်လာပြီး တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ နတ်စစ်သည်တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း၊ အဆိုပါ ပျူစောထီးသည်လည်း တော်လှန်ရေး တပ်ဖွဲ့ထံသို့ ဝင်ရောက်ပြီး အကြမ်းဖက် စစ်တပ်ကို ပြန်လည် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ပျူစောထီး ၁ ဦးနဲ့ ပေါ်တာဆွဲ ဖမ်းခံသူ ၂ ဦး အလင်းဝင်လာတာပါ။ သူတို့တွေ အကုန်လုံးက စစ်တပ်ကိုပြန်လည် တိုက်ခိုက်ဖို့ တော်လှန်ရေး တပ်ဖွဲ့တွေဆီ ဝင်မယ်လို့ ပြောပါတယ်။ လက်ရှိချိန်မှာတော့ သူတို့ကို ကောင်းမွန်စွာစောင့်ရှောက်ထားပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ နတ်စစ်သည် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

