ရန်ကုန်၊ မတ် ၂၀
မြန်မာနိုင်ငံတစ်ဝန်းမှ တော်လှန်ရေးတပ်များကို ထိုးစစ်ဆင်ရန်အတွက် ပေါက်ကွဲအားပြင်းထန်သော လက်နက် ကြီးများနှင့် ဗုံးများ အရေအတွက်အများအပြား တိုးမြှင့်ထုတ်လုပ်နိုင်ရေး နိုင်ငံတစ်ဝန်း ဓာတ် မြေဩဇာစက်ရုံများမှ အမိုနီယမ်နိုက်ထရိတ် ၅ ဆတိုး၍ စစ်ကောင်စီက ထုတ်လုပ်ခိုင်းနေကြောင်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းထံမှ သိရှိရသည်။
စစ်ကောင်စီက ဒရုန်းဗုံး၊ လေယာဉ်ဗုံး၊ ဆင့်ကွဲဗုံးများ၊ လက်နက်ကြီးဗုံးများကို တိုးမြှင့်ထုတ်လုပ်ခိုင်းနေရာတွင် ယင်းသို့ ခဲယမ်းများ ထုတ်လုပ်ရန် အဓိက လိုအပ်နေသော အမိုနီယမ်နိုက်ထရိတ်ကိုလည်း ၅ ဆတိုး၍ ထုတ်လုပ်ခိုင်းနေခြင်းဖြစ်ကြောင်း၊ အမိုနီယမ်နိုက်ထရိတ် မှာ ဗုံးခဲယမ်းများ ထုတ်လုပ်ရာတွင် အဓိကကျသော ဓာတ်ပေါင်းဖြစ်ပြီး ဓာတ်မြေဩဇာစက်ရုံများက အဓိက ထုတ်လုပ်နိုင်ကြောင်း သိရှိရသည်။
“ဓာတ်မြေဩဇာစက်ရုံတွေအားလုံးကနေ အမိုနီယမ်နိုက်ထရိတ်တွေကို သာမန်ထက် ၅ ဆတိုးထုတ်ခိုင်းနေတယ်။ အဲဒါတွေအကုန်လုံးကို ကပစ စက်ရုံတွေကို တိုက်ရိုက် ပို့ခိုင်းတယ်။ ဗုံးနဲ့ လက်နက်ကြီးဗုံးတွေ တိုးထုတ်နေတာမို့လို့ အမိုနီယမ် နိုက်ထရိတ်တွေကိုလည်း ပိုတိုးထုတ်ခိုင်းနေပါတယ်” ဟု မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ သတင်းရင်းမြစ်ကဆိုသည်။
၂၀၁၀ ခုနှစ်ကတည်းက သဘာဝဓာတ်ငွေ့ မရရှိ၍ ရပ်ဆိုင်းထားခဲ့ရသော အမှတ် – ၃ ဓာတ်မြေသြဇာစက်ရုံ (ကျော်စွာ)ကိုလည်း စစ်ကောင်စီက ပြန် လည် အသက်သွင်းခဲ့ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လမှစတင်၍ ဗုံးနှင့်ပေါက်ကွဲအားပြင်းသော အမြှောက်ကျည်ဗုံးများ ထုတ်လုပ်ရန် အမိုနီယမ်နိုက်ထရိတ်ကုန် ကြမ်းများကို တိုးမြှင့်ထုတ်လုပ်နေကြောင်း သိရှိရသည်။
လက်ရှိ စစ်ကောင်စီက ပေါက်ကွဲအားပြင်းထန်သော ဗုံးနှင့် အမြောက်ဗုံးများကို ထုတ်လုပ်ရန် အမှတ်- ၁ ဓာတ်မြေသြဇာစက်ရုံ စလေ၊ အမှတ်-၂ ဓာတ်မြေသြဇာစက်ရုံ ကျွန်းချောင်း၊ အမှတ် – ၃ ဓာတ်မြေသြဇာစက်ရုံ ကျော်စွာ၊ အမှတ် – ၄ ဓာတ်မြေသြဇာ စက်ရုံ မြောင်းတကာ၊ အမှတ် – ၅ ဓာတ်မြေသြဇာစက်ရုံ ကန်ကြီးထောင့်တို့ကို စွမ်းအားပြည့် တိုးမြှင့်ကာ အမိုနီယမ်နိုက်ထရိတ်များ တိုးမြှင့်ထုတ်လုပ်ခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
