တနင်္သာရီ၊ ချောင်းလမုရွာတွင် စစ်ဘေးရှောင် ပြည်သူများက နေအိမ်၌ စားနပ်ရိက္ခာများ ပြန်လည် ယူဆောင်စဉ် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ချောင်းလမုရွာတွင် စစ်ဘေးရှောင် ပြည်သူများက နေအိမ်၌ စားနပ်ရိက္ခာများ ပြန်လည် ယူဆောင်စဉ် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးရဲဘော် တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ချောင်းလမုရွာမှ စစ်ဘေးရှောင် ပြည်သူများသည် ကျေးရွာအတွင်း စားနပ်ရိက္ခာများ ပြန်လည် ယူဆောင်စဉ် အကြမ်းဖက် စစ်တပ်၏ ဒရုန်းက ကင်းထောက်ပြီး သိန်ခွန်းကျေးရွာ၌ ယာယီတပ်စွဲထားသော စစ်သားများက ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ မမီးမဲ့ နှင့် ကိုသောင်းပု တို့ ၂ ဦးသေဆုံးခဲ့ပြီး ကျန်ပြည်သူ ၂ ဦးမှာလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ကင်းထောက်ဒရုန်းတွေနဲ့ ရွာထဲကို ဘယ်သူတွေ ပြန်ဝင်လည်းဆိုပြီး ကြည့်နေတာ အဲအချိန် ချောင်းလမုရွာက စစ်ဘေးရှောင်ပြည်သူတွေက ရွာထဲမှာ စားနပ်ရိက္ခာ ပြန်ဝင်ယူတာကို စစ်ခွေးတွေက မြင်သွားပြီး လက်နက်ကြီးနဲ့ လှမ်းပစ်တာ ပြည်သူ ၂ ဦး ပွဲချင်းပြီး သေဆုံးတယ်။ ကျန် ၂ ဦးကတော့ ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ ၂ ဦးကလည်း ဒဏ်ရာအခြေအနေ ပြင်းထန်ပါတယ်” ဟု ဒေသတွင်း တော်လှန်ရေးရဲဘော် တစ်ဦးက ပြောဆိုသည်။
အဆိုပါ သိန်ခွန်းကျေးရွာတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ်က အရပ်သား ပြည်သူများကိုပါ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။


