စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနများအားလုံး၏ နိုင်ငံခြား ကုန်ပစ္စည်းများဝယ်ယူခွင့် (အဝယ်တော်လုပ်ပိုင်ခွင့်)ကို မင်းအောင်လှိုင်သား အောင်ပြည့်စုံ ၏ လူယုံ မောင်မောင်မောင်နိုင်၏ အစ်ကို ဖြစ်သူ ဒေါက်တာမောင်မောင်လတ်က ရရှိ
ရန်ကုန်၊ မတ် ၂၃
အကြမ်းဖက်စစ်ကောင်စီ၏ ကာကွယ်ရေး နှင့်သတ္တုတွင်းဝန်ကြီးဌာနက လိုအပ်လျက်ရှိသော ကုန်ပစ္စည်းများကို တင်သွင်းဝယ်ယူရာတွင် ကုန်ပစ္စည်းဝယ်ယူပေးရသော အဝယ်တော်လုပ်ပိုင်ခွင့်ကို မင်းအောင်လှိုင်သား အောင်ပြည့်စုံ၏ စီးပွားရေး လူယုံ မောင်မောင်မောင်နိုင်၏အစ်ကို ဖြစ်သူ ဒေါက်တာမောင်မောင်လတ်က ရရှိထားကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းက ပြောဆိုသည်။
မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက စီးပွားရေးလူယုံ မောင်မောင်နိုင်ကို မိသားစု ကုမ္ပဏီစီးပွားရေးလုပ်ငန်းများအားလုံးတွင် ကိုယ်စား ဦးဆောင် လုပ်ကိုင်ခွင့်ပေးထားပြီး ဝန်ကြီးဌာနဆိုင်ရာ လုပ်ပိုင်ခွင့်များကိုမူ မောင်မောင်နိုင်၏ အစ်ကိုဖြစ်သူ ဒေါက်တာမောင်မောင်လတ်ကို ပေးအပ်ထားကြောင်း သိရှိရသည်။
” အောင်ပြည့်စုံရဲ့ လူယုံ မောင်မောင်နိုင်က သူ့အစ်ကို မောင်မောင်လတ်ကို စီးပွားရေးလုပ်ငန်း ကွန်ရက်တွေမှာ နာမည်ခံခိုင်းပြီး လျှို့ ဝှက်စွာ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်နေပါတယ်။ အကျိုးအမြတ်များလှတဲ့ အဝယ်တော်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန နဲ့ သတ္တုတွင်းဝန်ကြီးဌာနအပါအဝင် အခြားသော အစိုးရဝန်ကြီးဌာနများအတွက် နိုင်ငံခြား ကုန်ပစ္စည်းများ ဝယ်ယူခွင့် ကန်ထ ရိုက်များကို မောင်မောင်လတ်က နာမည်ခံပြီးတော့ မောင်မောင်နိုင်က နောက် ကွယ်ကနေ စီမံခန့်ခွဲနေပါတယ်” ဟု ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက အတည် ပြုပြောဆိုသည်။
မင်းအောင်လှိုင်၏ မြေးမများ ကျောင်းတက်နေသော EMPS International School ကိုလည်း ဒေါက်တာမောင်မောင်လတ်နှင့် ဇနီးဖြစ်သူ ဒေါက်တာချောစုလှိုင်တို့က လုပ်ကိုင်လျက်ရှိကြောင်း၊ အောင်ပြည့်စုံ၏ စီးပွားရေးလူယုံ မောင်မောင်နိုင်တွင် ညီအစ်ကို နှင့်မောင်နှမ ၄ ဦးရှိပြီး ၎င်းတို့မှာ မောင်မောင်ဦးနှင့်ထွေးထွေး၊ ခင်ခင်မော်နှင့်ဌေးလွင်၊ မောင်မောင်လတ်နှင့်ချောစုလှိုင်၊ မော်မော်အောင်နှင့် ရှောင်ယန်းတို့ ဖြစ်ကြောင်း၊ ၎င်းတို့၏ အခြေပြု မူလစီးပွားရေးမှာ Lucky Man ကုမ္ပဏီဖြစ်ပြီး ကားတာယာ၊ ကားနှင့်ဆက်စပ်သော ပစ္စည်းများဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
