29 C
Yangon

ဂန့်ဂေါ၊ နှမ်းခါးကျေးရွာဆေးခန်းကို စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၊ ကိုယ်ဝန်ဆောင်ဇနီးသည် ဒေါ်ခိုင်နှင်းဝေ နှင့် သားငယ် အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး

Must read

ဂန့်ဂေါ၊ နှမ်းခါးကျေးရွာဆေးခန်းကို စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၊ ကိုယ်ဝန်ဆောင်ဇနီးသည် ဒေါ်ခိုင်နှင်းဝေ နှင့် သားငယ် အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၃

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၊ ကိုယ်ဝန်ဆောင်ဇနီးသည် ဒေါ်ခိုင်နှင်းဝေ နှင့် သားငယ် အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ကြောင်း ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၂ ရက် နံနက် ၈ နာရီ ၃၈ မိနစ်အချိန် ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးပေးခန်း ကို အကြမ်းဖက်စစ်ကောင်စီ၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဆေးပေးခန်းအတွင်း ဆေးဝါးကုသပေးနေသော ကိုယ်ဝန်ဆောင် ဇနီးသည် ဆရာဝန်ကြီးမိသားစု ၃ ဦးအပါအဝင် ဆေးခန်းတွင် လာရောက်ပြသနေကြသည့် ပြည်သူ ‌၈ ဦး စုစုပေါင်းပြည်သူ ၁၁ ဦးသေဆုံးကာ ‌ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

“ဆရာဝန်ကြီးဇနီးက ကိုယ်ဝန်ကြီးနဲ့ဆုံးသွားတာ။ ဆရာဝန်ကြီးရယ်၊ ကိုယ်ဝန်ဆောင်ဇနီးသည်ရယ် မိသားစုလိုက် ၃ ဦးပဲ၊ ဆေးလာပြတဲ့ပြည်သူကလည်း ၈ ဦးသေတယ်။ ဒါက အလောင်းတွေ့ထားတာ ပဲရှိသေးတာ၊ သေတဲ့အထဲမှာကလေးငယ် ၅ ယောက်ပါတယ်။ ဒီအရေအတွက်ထက် မပိုဘူးလို့ ပြောလို့တော့မရနိုင်သေးဘူး” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

လေယာဉ်ဖြင့် ဗုံးကျဲခံရမှုကြောင့် ဆေးပေးခန်းမီးလောင် ပျက်စီးခဲ့ပြီး အနီးအနားရှိနေအိမ်များလည်း ပြိုကျပျက်စီး ခဲ့ကြောင်း သိရသည်။

နှမ်းခါးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အပြစ် မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲသတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။

ယောဒေသတွင် ‌၂၀၂၅ ခုနှစ် မတ်လအတွင်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်သတ်ဖြတ် မှုကြောင့် ကန်ရွာမှအပြစ်မဲ့ပြည်သူ ၄ ဦး၊ မြစ်သာဆည်ပေါ် ၁ ဦး ၊ ထီးလင်းမြို့နယ်တွင် ပြည်သူ ၄ ဦး နှင့် ယခု နှမ်းခါးရွာလေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ ၁၁ ဦး စုစုပေါင်း အပြစ်မဲ့ပြည်သူ ၂၀ ဦးသေ ဆုံးကာ လူဦးရေ ၄၀ နီးပါးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- နှမ်းခါးကျေးရွာ၊ဆေးပေးခန်း လေကြောင်းတိုက်ခိုက်ခံထားရမှုအားတွေ့ရစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article