29 C
Yangon

နွားထိုးကြီး၊ မြင်းခြံ၊ ရေစကြို နှင့် မြိုင် မြို့နယ်တို့ရှိ ကျေးရွာများကို စစ်တပ်က ညအချိန် လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်များ မီးလောင်ပြာကျ

Must read

ရန်ကုန်၊ မတ် ၂၄

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် မြင်းခြံမြို့နယ် နှင့် မကွေးတိုင်း ရေစကြိုမြို့နယ် မြိုင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ည အချိန် လေယာဉ်၊ စက်တပ် လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း နွားထိုးကြီး ဂျာနယ်နှင့် We Love Myaing အဖွဲ့မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ် ၂၂ ရက်နေ့ ည ၁၂ နာရီ ၃၀ မိနစ်ခန့်အချိန် နွားထိုးကြီးမြို့နယ် လက်ဝဲ+မြင်းနီကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် တစ်ကြိမ်၊ စက်တပ်လေထီးဖြင့် တစ်ကြိမ် ၊ Mi-35 ရဟတ်ယာဉ်ဖြင့် တစ်ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀ လုံးကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေများလာသောကြောင့် နွားထိုးကြီးမြို့နယ် အတွင်း စစ်ဘေးရှောင် ပြည်သူများ များပြားလာကာ စားရေး သောက်ရေးများ ခက်ခဲလာကြောင်း သိရှိရသည်။

အလားတူ ယင်းနေ့ ညပိုင်းတွင်လည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ တောပုရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည် ၁ ဦးသေဆုံးကာ နွား ၁ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ရေစကြိုမြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၁၀ မိနစ်ခန့်တွင် မြိုင်မြို့နယ် ဥယျာဉ်ရွာ ဘုန်းကြီးကျောင်းကို အကြမ်း ဖက် စစ်တပ်၏ မုံရွာ နမခ မှ တက်လာသော စက်တပ်လေထီး ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဥယျာဉ်ရွာ ဘုန်းကြီးကျောင်းအတွင်းမှာရှိ သိမ်ကျောင်းပေါ်ကို ထိမှန်ခဲ့ပြီး သိမ်ကျောင်း ထိခိုက်ပျက်စီးကာ ရဟန်းသံဃာနှင့် ပြည်သူများ အထိအခိုက်မရှိကြောင်း သိရသည်။

ယင်းနေ့ ည ၇ နာရီ ၃၂ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ ဂွေးဂုဏ်ရွာ အရှေ့မြောက်ဘက်ရှိ ရွှေဘုံတိုင်ဘုရား အနီးဝန်းကျင်ကို မုံရွာနမခ မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၁ စီးက လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ဓာတ်ပုံ – နွားထိုးကြီး Journal။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article