ရန်ကုန်၊ မတ် ၂၄
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်နှင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် တိုက်ပွဲများ အပါအဝင် ရှေ့တန်းစစ်မြေပြင်တွင် စစ်မှုထမ်း တပ်သားသစ်များ ရာနှင့်ချီ၍ သေဆုံးမှုနေမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ မိဘများထံသို့ လတ် တလော အသိပေး အကြောင်းကြားခြင်းမရှိသေးကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ဖေဖော်ဝါရီလဆန်းမှစတင်၍ ယခုမတ်လနှောင်းပိုင်းအထိ နိုင်ငံတစ်ဝန်း ရှေ့တန်းစစ်မြေပြင်များတွင် စစ်မှုထမ်း တပ်သားသစ်များ ထောင်ချီ၍ အလုံးအရင်းဖြင့် စစ်ကောင်စီက ပို့ဆောင်ခဲ့ပြီး အဆိုပါ စစ်မှုထမ်းတပ်သားများအနက်မှ သေဆုံးသူ ရာချီရှိကြောင်း၊ လတ်တလော ကြေးနန်းသတင်းများအရ စစ်မှုထမ်းတပ်သားသစ် ၃၀၀ ထက်မနည်း သေဆုံးထားပြီဟု သိရှိထားပြီး ယင်းတပ်သားသစ်များ၏ နာရေး အခြေအနေကို သက်ဆိုင်ရာ မိဘများထံသို့ အကြောင်းကြားခြင်းမရှိသေးဘဲ ဆိုင်းငံ့ထားကြောင်း၊ မည်သည့်အချိန်တွင် သေဆုံးမှုသတင်းကို အကြောင်းကြားမည်ကို မသိရှိကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ရှင်းပြသည်။
“တပ်အသီးသီးအလိုက် တင်လာတာ စာရင်းအရတော့ စစ်မှုထမ်း တပ်သားသစ် ၃၀၀ ကျော်တော့ သေဆုံးတာရှိပါတယ်။ အဲဒါတွေက သက်ဆိုင်ရာ တပ်ရင်းတွေက ကြေးနန်းစာရင်းတွေပါ။ တရားဝင် တပ်ကနေ အကြောင်း ကြားတာ မလုပ်ဖို့ တားမြစ်ထားတယ်။ တချို့လည်း သူတို့ နီးစပ်ရာကနေ သိသွားကြတာလည်း ရှိကောင်းရှိမယ်။ စစ်မှုထမ်းတပ်သားတွေရဲ့ မိသားစုတွေက တပ်ထဲမှာ နေတာမဟုတ်တော့ တကူးတက အကြောင်းကြားမှု မလုပ်သေးဖို့ ယာယီအားဖြင့် ဆိုင်းငံ့ထားတာရှိတယ်” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ဆိုသည်။
စစ်မှုထမ်း တပ်သားသစ်များ၏ နာရေးသတင်းများကို သက်ဆိုင်ရာ မိသားစုများထံသို့ အကြောင်းကြားခြင်းမရှိဘဲ ဆိုင်းငံ့ထားခြင်းမှာ အဓိကအားဖြင့် နောင် ထပ်မံ ခေါ်ယူမည့် တပ်သား သစ်များ ခေါ်ယူရခက်ခဲနိုင်မည်ကို စိုးရိမ်ခြင်း၊ လူမှုပတ်ဝန်းကျင်အတွင်း စစ်မှုထမ်း တပ်သားများစွာ သေဆုံးနေသည်ဆိုသော သတင်းများ မပြန့်လိုစေသည့် သဘောဟု ယူဆရကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
“ဘာကြောင့် နာရေးသတင်းတွေကို အကြောင်းမကြားခိုင်းတာလဲဆိုတာမျိုးတော့ အကြောင်းပြချက်မပေးဘူး။ သို့သော်လည်း ခန့်မှန်းကြည့်သလောက်တော့ တပ်သားသစ်တွေ စုဆောင်းရမှာ ခက်မှာမျိုးကြောင့် ဖြစ်နိုင်တယ်။ နောက်ပြီး တပ်သားသစ်တွေ အများကြီး သေကုန်ပြီဆိုတာမျိုး သတင်းတွေ မထွက်ချင်တာကြောင့်လည်း ပါမယ်လို့ သုံးသပ်ပါတယ်” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ဆိုသည်။
ပဲခူးတိုင်း၊ ညောင်ကျိုးစခန်းတိုက်ပွဲတွင် စစ်မှုထမ်းတပ်သားသစ်များကို အဓိက စစ်တပ်က အသုံးပြုခဲ့ပြီး အနည်း ဆုံး ၁၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အဆိုပါတိုက်ပွဲများတွင် ပါဝင်ပြီး ထွက်ပြေးလွတ်မြောက်ကာ တော်လှန်ရေးတပ်ထံတွင် အလင်းဝင်လာခဲ့သည့် စစ်မှုထမ်း အပတ်စဉ် ၆ သင်တန်းဆင်း တပ်သားသစ် နန်းလင်းသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။
ဓာတ်ပုံ – ကရင်ပြည်နယ်၊ ကော့ကရိတ်တိုက်ပွဲတွင် သေဆုံးသွားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နာရေး။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
