ရန်ကုန်၊ မတ် ၂၄
ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲတွင် အမှတ် ၃ ဝန်တင်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြင့်ထွေးက တပ်သားများကို စစ်ဆင်ရေး စရိတ်နှင့် လစာများ မပေးဘဲ စစ်တိုက်ခိုင်းကြောင်း ဝန်တင်တပ်ရင်းမှ အလင်းဝင်လာသော တပ်ကြပ် ၃ ဦးက ပြောဆိုလိုက်သည်။
ဗန်းမော်တိုက်ပွဲအတွင်း အမှတ် ၃ ဝန်တင်တပ်ရင်းမှ လုပ်သက်ရင့် တပ်ကြပ်ကြီး အဆင့်ရှိ ၃ ဖြစ်သည့် တပ်ကြပ် ဇော်မင်းနိုင် ၊ တပ်ကြပ် အောင်အောင် နှင့် တပ်ကြပ် သန်းဇော် တို့သည် တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်ရောက်ခဲ့ပြီး ၎င်းတို့ ၃ ဦး၏ ပြောဆိုချက်များကို ယနေ့ မတ်လ ၂၄ ရက်နေ့တွင် ဗမာ့တပ်တော်က ဗီဒီယိုနှင့်တကွ သတင်းထုတ်ပြန်ထားသည်။
“တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မြင့်ထွေးကတော့ စစ်သည်တွေကို ပြန်လှည့်ကြည့်တာ ဘာညာ မရှိဘူး။ တိုက်ပွဲနေရာ ပါသွားတဲ့ သူတွေကို ၁၀ လပိုင်း၊ ၁၁ လပိုင်း လစာတွေလည်း လုံးဝပြန်မပေးဘူး။ အထက်က ဖြတ်ခိုင်းတယ်လို့ ပြောတယ်။ ၃ လပိုင်းရတယ်။ ၅ လပိုင်း မရဘူး။ ၇ ၊ ၈ ၊ ၉ ရ တယ်။ ဒါပေမဲ့ ဗန်းမော်မှာ နေလို့ ရှိရင် ရှေ့တန်းစခန်း ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ကို ရှေ့ထွက်စရိတ် စစ်ဆင်ရေးလုပ်တဲ့ စရိတ်ပေးတယ်။ ခုနောက်ပိုင်း မရတော့ဘူး။ တိုင်းကနေ ချပေးတာ ရှိတယ်။ တစ်ရက်ကို ၁၂၀၀ စစ်ဆင်ရေး နေ့တွက် စရိတ်ပေးတယ်။ အဲဒါလည်း မရဘူး” ဟု အလင်းဝင်လာသော တပ်ကြပ် ဇော်မင်းနိုင် နှင့် တပ်ကြပ် အောင်အောင် တို့က ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီက ရှေ့တန်းထွက်သည့် လက်အောက်ခံ တပ်သားများကို စစ်ဆင်ရေး နေ့တွက်စရိတ်ပေး အဖြစ် တစ်ရက်ကို ၁၂၀၀ ကျပ် ပေးခြင်းဖြစ်ပြီး ရှေ့တန်းစခန်းများ၌ နေထိုင်စဉ်တွင်လည်း ငွေကျပ် ၁၂၀၀၀၀ ပေးဆောင်ခြင်းရှိသော်လည်း တပ်ရင်းမှူးများက ကြားဖြတ် ယူဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။
“နေ့တွက်စရိတ်ဆိုတာ ရှေ့တန်းထွက်တဲ့ အချိန်မှာရတာ။ ဒါက ရှေ့တန်းသဘောပဲ ဒီစခန်းက တောက်လျှောက်ပေးလာခဲ့တာ မရတော့ဘူး ။ နောက်ပြီး တိုင်းအထက်ဌာန လူကြီးတွေက ငွေကျပ် ၁၂၀၀၀၀ ဆိုတာ ချပေးထားတယ်။ အဲတာတွေလည်း ကျွန်တော်တို့ မရဘူး။ ကျွန်တော်တို့ လစာတွေပဲ ကျွန်တော်တို့ ရတယ်။ လစာတောင်မှပဲ အခု ၁၀ လပိုင်းနဲ့ ၁၁ လပိုင်းမှာ ကျွန်တော်တို့ မရသေးဘူး” ဟု အလင်းဝင်လာသော တပ်ကြပ် ဇော်မင်းနိုင် နှင့် တပ်ကြပ် အောင်အောင် တို့က ရှင်းပြသည်။
တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြင့်ထွေးကို ရှေ့တန်း ရောက်နေသော တပ်သားများက မြင်ဖူးခြင်းမရှိဘဲ တပ်ခွဲမှူး ဗိုလ်မှူး ထိန်လင်းဦးသည်လည်း ကိုယ်ကျိုးရှာ အတ္တသမားဖြစ်ကြောင်း၊ ထို့ပြင် အောက်ခြေ စစ်သည်များကို အထက်က ထောက်ပံ့သည်များကိုလည်း လာရောက်ပေးဆောင်ခြင်းမရှိဘဲ ကိုယ်ကျိုးအတွက်သာ အသုံးပြုကြောင်း သိရသည်။
“တပ်ခွဲမှာ ကိုင်တဲ့ တပ်ခွဲမှူးကတော့ ဗိုလ်မှူး ထိန်လင်းဦး သူကတော့ အပတ်စဉ် ၄၉ ဆင်း သူပါ။ သူကတော့ စစ်သည်တွေကို ထောက်ပံ့တာ ဘာညာမရှိဘူး။ စစ်သည်တွေကို ချပေးတာဆိုရင်လည်း ပြောတယ်။ ဒါပေမဲ့ စစ်သည်တွေကို ပြန်ပေးတာ ဘာညာမရှိဘူး။ သူ ပြောတာတော့ မချပေးသေးတာတို့ ဘာတို့ပေါ့။ လစာဆိုရင်လည်း ရပိုင်ခွင့်ဆိုလို့လည်း အချိန်နဲ့ မရဘူး ။ တစ်ခါတလေကျရင် လဝက်လောက်နေမှ ။ ၁၅ ရက် ရက် ၂၀ လောက်နေမှ လစာစားရတယ်။ နောက်ပိုင်းကျတော့ မိသားစုတွေ တအား ခက်ခဲလာတယ်။ ဟိုနားချေး ဒီနားချေးရတယ်။ လစာလေးရမှ ပြန်ဆပ်ရတယ်။ အဲဒီလိုတော့ ရှိတယ်” ဟု အလင်းဝင်လာသော စစ်ကောင်စီ တပ်သားများက ပြောဆိုသည်။
အဆိုပါ အလင်းဝင်လာသော တပ်ကြပ် ၃ ဦးသည် ဗန်းမော်တိုက်ပွဲသို့ ရောက်ရှိလာစဉ် အမှတ် ၃ ဝန်တင်တပ် ရင်း၏ တပ်ဆွယ်ထဲတွင်သာနေထိုင်ခဲ့ရပြီး တိရစ္ဆာန်များ၏ ကျန်းမာရေးနှင့် လုံခြုံရေးကို စောင့်ကြည့်ရကြောင်း၊ အလင်းဝင် စစ်သား ၃ ဦးသည် ကင်းစောင့်ခြင်းများ လုပ်ဆောင်ခဲ့ရကာ မြေပြင်ပေါ်တွင်သာ အိပ်စက်ခဲ့ရကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
