စဉ့်ကူးမြို့နယ်၊ ကံတောင်၊ ဇိုက်ချောင်းနှင့် ထောက်ကြံ့ပင်ကျေးရွာတို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကံတောင်၊ ဇိုက်ချောင်း၊ ထောက်ကြံ့ပင်ကျေးရွာတို့ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးသီးအလုံး ၂၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့မတ်လ ၂၄ ရက် ည ၈ နာရီ ၄၅ မိနစ်အချိန် စဉ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာ၊ ဇိုက်ချောင်း ကျေးရွာ၊ နှင့်ထောက်ကြံ့ကျေးရွာတို့ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ၄ ကြိမ် ဗုံး အလုံး ၂၀ ကျော်ကျဲချခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် ထောက်ကြံ့ပင်ကျေးရွာမှ ပြည်သူ အမျိုးသား ၁ ဦးသေဆုံးပြီး မိန်းကလေးငယ် ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နွား ၄ ကောင် လည်း ထိမှန်ဒဏ်ရာရရှိပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
“စစ်တပ်က လေကြောင်း ဗုံးကျဲတာကြောင့် ကံတောင်ရွာက ကွက်မထဲမှာရှိတဲ့ နောဒီယာထူးကုမ္ပဏီဘက်မှာကျသွားတယ်။ ဇိုက်ချောင်းမှာက ရွာ ထဲကို ကျဲသွားတယ်။ ထောက်ကြံ့ပင်လည်းရွာထဲကို ကျဲသွားတယ်။ ပြည်သူ ၁ ဦးဒဏ်ရာရတယ်၊ ပြည်သူ ၁ ဦးသေဆုံးတယ်။ နွား ၄ ကောင်အပါအဝင်ပေါ့၊ ထိခိုက်ဒဏ်ရာရတာနဲ့သေဆုံးတာက ထောက်ကြံ့ပင်ရွာထဲကပါ။ ၄ ကြိမ်ပစ်ခတ်မှုဖြစ်သွားတဲ့အခြေအနေမှာ အလုံး ၂၀ ပေါက်ကွဲမှုဖြစ် တယ်။ မပေါက်ကွဲသေးတာက ၅ လုံးလောက်တော့ကျန်အုံးမယ်။ ရှာမတွေ့သေးတဲ့ အလုံးတွေလည်း ရှိပါသေးတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
စစ်ကောင်စီတပ်က ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဇိုက်ချောင်းကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်၊ ကံတောင်ကျေးရွာသည် အိမ်ခြေ ၁၃၀၀ ခန့်နှင့် ထောက်ကြံ့ပင်ကျေးရွာသည် အိမ်ခြေ ၃၀၀ ခန့်ရှိ ကြောင်း၊ ယင်းကျေးရွာ ၃ ရွာသည် တဆက်တည်း တည်ရှိပြီး ရွှေထွက်ရာဒေသဖြစ်ကြောင်း သိရ သည်။


