ရန်ကုန်၊မတ် ၂၆
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ လှိုင်းဘွဲ့မြို့နယ်တွင် ၂၆ နှစ်ကျော်ကြာ တပ်စွဲထားသော စစ်ကောင်စီ၏ ခလယ်ဒေးစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၂ ဦး၏ အလောင်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
အကြမ်းဖက် စစ်ကောင်စီတပ်၏ ခလယ်ဒေး စစ်ကောင်စီစခန်းကို K.N.L.A တပ်မဟာ ၇၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း၊ တပ်ရင်းများနှင့် ပူးပေါင်းတပ်များက မတ်လ ၂၂ ရက်နေ့မှစတင်ပြီး တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က မတ်လ ၂၄ ရက်နေ့တွင် တိုက်လေယာဉ် ၂ စင်းဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံး၊ Y-12 လေယာဉ်ဖြင့် ဗုံး ၃၆ လုံးကျဲချ ခုခံခဲ့ကြောင်း သိရှိရသည်။
မတ်လ ၂၅ ရက်နေ့တွင် KNLA တပ်ဖွဲ့ဝင်များ၏ အဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်များမှာ ဆက်လက်တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ စခန်းအတွင်းရှိ စစ်ကောင်စီ တပ်သားများမှာ ၎င်းတို့၏ လက်နက်ခဲယမ်းများအားမီးရှို့ဖျက်ဆီးကာ စခန်းအားစွန့်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ ခလယ်ဒေးစခန်းကို ရှင်းလင်းစဉ် စစ်သား ၂ ဦး၏ အလောင်းကို တွေ့ရှိခဲ့ရပြီး စခန်းအတွင်းမှ ပွိုင့် ၅ တစ်လက်၊ ပွိုင့် ၅ ပြောင်း ၂ ချောင်း၊ ၆၀ မမ အရှည် ၁ လက်၊ ၆၀ မမ အတို ၁ လက်၊ RPG-7 ၁ လက်၊ MA-2 ၃ လက်၊ Jammer ၁ လုံး၊ မီးစက် အကြီး ၁ လုံး၊ မီးစက် အသေး ၁ လုံး၊ မိုင်းရှာစက် ၁ ခု၊ ရှေ့ထွက်မိုင်း ၆ လုံး၊ ၁၆ နင်းမိုင်း ၂ လုံး၊ ၆၀ မမ ကျည် ၂၇ လုံး၊ ခွေးဗုံး ၁ လုံး၊ ၈၁ မမ ကျည် ၂ လုံး၊ ၄၀ မမ ကျည် ၃၂ လုံး၊ RPG-7 ကျည် ၁၄ လုံး၊ ၇.၆၂ ကျည် ၂ သောင်း၊ ၅.၅၆ ကျည် ၈ ထောင်၊ တိုက်မိုင်း ၆၀ လုံး၊ ခမောက် ၈ လုံး၊ ဆိုလာ ၄ ချပ် တို့အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။
ခလယ်ဒေး စစ်ကောင်စီတပ်စခန်းသည် ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထိုင်း−မြန်မာ နယ်စပ်ဒေသ ထိန်းချုပ်ရေး ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့သော စခန်းတစ်ခုဖြစ်ကာ ၎င်းစခန်း စတင် တည်ဆောက်သည့် အချိန်မှစပြီး ဒေသခံပြည်သူလူထုများအနေဖြင့် လွတ်လပ်စွာ လှုပ်ရှားသွားလာ နေထိုင်လုပ်ကိုင်စားသောက်ခွင့် အကန့်သတ်ခံခဲ့ရကြောင်း၊ ဒေသခံ ပြည်သူလူထုများ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ရေး၊ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ပြည်သူလူထု၏ လိုလားချက်နှင့်အညီ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A က ခလယ်ဒေး စစ်ကောင်စီတပ်စခန်းအား သိမ်ပိုက်ခဲ့ပြီး လက်ရှိအချိန်တွင် နယ်မြေ ရှင်းလင်းရေး လုပ်ငန်း များ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ − ခလယ်ဒေးစစ်ကောင်စီတပ်စခန်းမှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





