36 C
Yangon

မုံရွာ၊ သက္ကယ်ကျင်းကျေးရွာမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသည့် ပြည်သူ ၅၀ ကျော်ကို စစ်တပ်က တစ်နှစ်ကျော်အကြာ ဖမ်းဆီး ထိန်းသိမ်းထားပြီးနောက် ထောင်ဒဏ် ၅ နှစ်ဆီ မတရား ချမှတ်

Must read

မုံရွာ၊ သက္ကယ်ကျင်းကျေးရွာမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသည့် ပြည်သူ ၅၀ ကျော်ကို စစ်တပ်က တစ်နှစ်ကျော်အကြာ ဖမ်းဆီး ထိန်းသိမ်းထားပြီးနောက် ထောင်ဒဏ် ၅ နှစ်ဆီ မတရား ချမှတ်

ရန်ကုန်၊ မတ် ၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသည့် ပြည်သူ ၅၀ ကျော်ကို အကြမ်းဖက် စစ်တပ်က တစ်နှစ်ကျော်အကြာ ဖမ်းဆီး ထိန်းသိမ်းထားပြီးနောက် ထောင်ဒဏ် ၅ နှစ်ဆီ မတရား ချမှတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

၂၀၂၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က သက္ကယ်ကျင်း‌ရွာမှ ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးသွားပြီး အမှတ် ၁ ရဲစခန်းတွင် ၁ နှစ်ကျော်ကြာ ချုပ်နှောင်ထားခဲ့ကြောင်း သိရသည်။

ထို့သို့ ချုပ်နှောင်ထားပြီးနောက် ယ‌နေ့ မတ်လ ၂၆ ရက်နေ့တွင် ပြည်သူ ၅၀ ကျော်ကို အကြမ်းဖက် စစ်တပ်က ပုဒ်မ ၅၂ က ဖြင့် ထောင်ဒဏ် ၅ နှစ်ဆီ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်ထားစဉ်တွင်လည်း ထမင်းဖိုးတောင်းခြင်း၊ စာရွက်စာတမ်းဖိုးများ အစ ငွေညှစ်တောင်းခံခြင်း လုပ်ဆောင်ခဲ့ပြီး ပြည်သူများသည် ပြန်လည် လွတ်မြောက်နိုင်ရန် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တောင်းရမ်းသော ငွေကြေးများကို ပေးခဲ့ရကြောင်း သိရသည်။

သက္ကယ်ကျင်းကျေးရွာကို ၂၀၂၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က သေနတ်များပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ကျေးရွာအတွင်းရှိ အိမ်ခြေ ၄၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီ တပ်သားများသည် ကျေးရွာနေ ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့ပြီး အမျိုးသားလူငယ် ၁ ဦးသည် သေနတ်ထိမှန်၍ ခြေထောက်ဖြတ်ခဲ့ရ‌ကြောင်း၊ ကျေးရွာသို့ ဝင်ရောက်စဥ် ပြည်သူပိုင် လက်ဝတ်ရတနာများနှင့် ဆိုင်ကယ်များကို ယူဆောင်ခဲ့ကာ ဆိုင်ကယ်၊ ဆိုက်တွဲများကို မီးရှို့ဖျက်ဆီး၍ ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

Photo – ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီး ခေါ်ဆောင်သွားသော ပြည်သူ ၁ ဦး (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article