31 C
Yangon

စစ်မှုထမ်းရန် မဲပေါက်သူများကို NSIMSကွန်ပျူတာစနစ်အတွင်း အမည်ထည့်သွင်းထား၍ လေဆိပ်၊ ရေဆိပ်၊ကားဂိတ်နှင့် စစ်ဆေးရေးဂိတ်များမှ ပြေးမလွတ်နိုင်ဟု စစ်တပ်က ခြိမ်းခြောက်

Must read

ရန်ကုန်၊ မတ် ၂၇

အကြမ်းဖက်စစ်ကောင်စီက လူငယ်များကို စစ်မှုထမ်းခိုင်းရန်အတွက် မဲနှိုက်ခိုင်းပြီး မဲပေါက်သူများကို ပြည်သူ့ စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS) အတွင်းသို့ ချက်ချင်း ထည့်သွင်းနေ၍ ထွက်ပြေး မလွတ်မြောက်နိုင်ဟု စစ်တပ်က ပြောဆိုခြိမ်းခြောက် လာသည်။

ယခုရက်ပိုင်း မန္တလေးမြို့တွင် ပြုလုပ်သည့် စစ်မှုထမ်း ဆင့်ခေါ်ရေး မဲနှိုက်ပွဲများတွင် စစ်ကောင်စီမှ ဗိုလ်မှူးများက မဲနှိုက်ကြမည့် လူငယ်များကို မဲပေါက်ပါက ကွန်ပျူတာစနစ် (NSIMS) အတွင်း အမည် စာရင်း ချက်ချင်း ထည့်သွင်းမည်ဖြစ်ကြောင်း၊ ထို့ ကြောင့် လေဆိပ်၊ ရေဆိပ်၊ ကားဂိတ်နှင့် စစ်ဆေးရေးဂိတ်များတွင် စစ်မှုထမ်းရမည့် လူငယ်များစာရင်း ရှိနေမည်ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်ဟု ပြောဆို ခြိမ်းခြောက်လာကြောင်း သိရှိရသည်။

“မဲပေါက်တဲ့သူတွေကို ကွန်ပျူတာစနစ်ထဲကို ထည့်မယ်လို့ပြောတယ်။ အဲဒီစနစ်ထဲ ထည့်လိုက်ရင် နိုင်ငံခြားထွက်လို့ မရတော့ဘူး။ ပြည်တွင်း ခရီးသွားရင်လည်း ထောက်ခံစာလိုမယ်။ ဘယ်သွားသွား ကွန်ပျူတာစနစ်ထဲမှာ နာမည်နဲ့ မှတ်ပုံတင်ကို ထည့်လိုက်ရင် စစ်မှုထမ်းရမယ့်သူဆိုတာ ပေါ်တယ်လို့ ပြောတယ်။ အဲဒါကြောင့် ပြေးဖို့ ကြိုးစားလည်း အပိုပဲ။ ၂ နှစ်တာဝန်ထမ်း ဆောင်ပြီးရင် ပြီးသွားမှာမို့ ပူးပေါင်းဆောင်ရွက်ဖို့ ပြောတယ်” ဟု မန္တလေးမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS)ကို ကွန်ပျူတာကွန်ရက်များဖြင့် ချိတ်ဆက်တည်ဆောက်ထားပြီး ယင်းစနစ်မှာ ပြီးစီးသွားပြီဖြစ်ကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်တွင် ယမန်နေ့ စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းရမည့် လူငယ်များ မဲနှိုက်ပွဲကို မတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီ အချိန် ကျင်းပပြုလုပ်မည်ဖြစ်ပြီး လူငယ်တိုင်း (သို့မဟုတ်) မိဘများ တက်ရောက်ရမည်ဖြစ်ကြောင်း၊ မည်သူမှ မတက်ရောက်ပါက စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့က ကိုယ်စား စီမံဆောင်ရွက်မည်ဟု အသိပေး အကြောင်းကြားလာကြောင်း သိရှိရသည်။

“ငွေတော်ကြည်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှုး တင်စိုးမှာ သား၃ယောက်ရှိတာ။ အကုန် စစ်မှုမထမ်းရဘူး။ လွတ်တယ်။ သူ့တူဖြိုးကျော် ပျူစောထီးထောက်ပို့မှာလည်း ညီအစ်ကို မွေးချင်း ၇ယောက်ရှိတာ အကုန်လွတ်တယ်။ ပြည်သူတွေကိုတော့ မဲနှိုက်ပွဲ မလာမနေရတဲ့။ လူမနေတဲ့အိမ်လည်း စာရွက်ကပ်သွားတယ်။ မလာရင်အိမ်ချိတ်ပိတ်မယ်ဆိုပြီးခြိမ်းခြောက်သွားတယ်။ ဒီကောင်တွေ အရမ်းဆိုးနေတာ။ အိပ်ရာထဲ လဲနေတဲ့သူတောင် စစ်မှုထမ်းရမယ်ဆိုပြီး အတင်းခေါ်နေတာ။ ရပ်ကွက်ထဲမှာလည်း လူငယ်ကုန်သလောက်ဖြစ်နေပြီ”ဟု ငွေတော်ကြည်ကုန်းရပ်ကွက်မှ ရပ်ကွက်သားတစ်ဦးက ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article