မြန်မာပြည်သူများအားလုံး အတိဒုက္ခရောက်နေသည့် ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကောင်စီက KNU ဌာနချုပ်အနီး ၊ စစ်ကိုင်းတိုင်း၊ ရှမ်းမြောက်နှင့်ပဲခူးတိုင်းတို့ကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်
ရန်ကုန်၊ မတ် ၂၉
မြန်မာနိုင်ငံအလယ်ပိုင်းတွင် မြန်မာပြည်သူများအားလုံး အတိဒုက္ခရောက်နေရသည့် ငလျင်ကြီးလှုပ်ခတ်မှု အပြီး စစ်ကောင်စီက ကရင်ပြည်နယ်ရှိ KNU ဌာနချုပ်အနီး၊ စစ်ကိုင်းတိုင်း၊ ရှမ်းမြောက်ဒေသနှင့် ပဲခူးတိုင်းတို့ကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များနှင့် ပြည်သူများထံမှ သိရှိရသည်။
ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်အချိန် မန္တလေးကို ဗဟိုပြုပြီး ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး ယင်းငလျင်ကြောင့် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတစ်ခုလုံးတွင် ပြည်သူ များ၏ အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ယမန်နေ့ ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကောင်စီက ညနေ ၄ နာရီဝန်းကျင်အချိန် ကရင်ပြည်နယ်၊ KNU ဌာနချုပ်တည်ရှိရာ တပ် မဟာ ၇ အတွင်း လေးဝါးအထက်နားသို့ အသေခံဒရုန်း ကာမီကာဇေများဖြင့် ဗုံး ၄ လုံး ကျဲချခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ယမန်နေ့ ည ၈ နာရီ အချိန် စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်၊ နွယ်ခွေးကျေးရွာကိုလည်း စက်တပ်လေထီးများဖြင့် လေ ကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းအပြင် ဖြူးမြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ကျေးရွာများကိုလည်း ယမန်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာကိုလည်း ယမန်နေ့ ၁ နာရီ ၃၀ မိနစ်အချိန် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
