ချမ်းအေးသာစံ သာသနာ့ဗိမာန်ကျောင်း ပြိုကျမှုမှ သံဃာတော် ၆ ပါး၏ ရုပ်အလောင်းများတွေ့ရှိထားပြီး သံဃာတော် ၅၅ ပါးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကာ ကယ်ဆယ်ရေး ဆက်လက် လုပ်ဆောင်နေ
ရန်ကုန်၊ မတ် ၂၉
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် သာသနာ့ဗိမာန်ကျောင်း ပြိုကျမှုမှ သံဃာတော် ၆ ပါး၏ ရုပ်အလောင်းများတွေ့ရှိထားပြီး သံဃာတော် ၅၅ ပါးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကာ ကယ်ဆယ်ရေး ဆက်လက် လုပ်ဆောင်နေကြောင်း မီးသတ် ဦးစီးဌာနက ထုတ်ပြန်ထားသည်။
မတ်လ ၂၉ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဒဏ်ကြောင့် ချမ်းအေးသာစံမြို့နယ်ရှိ သာသနာ့ဗိမာန်ကျောင်း အဆောက်အဦး ပြိုကျ၍ ပိတ်မိနေသော သံဃာတော်များကို မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိချိန်ထိ သံဃာတော် ၅၅ ပါးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ပျံလွန်တော်မူသည့် သံဃာတော် ၆ ပါး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိထားကြောင်း၊ ထို့ပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


