အိန္ဒိယမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ မန္တလေးငလျင် ကယ်ဆယ်ရေးလုပ်ငန်းများ စတင်
မန္တလေး ၇၈ လမ်းတွင် တည်ရှိသော Great Wall Hotel အဆောက်အဦ ပြိုကျပျက်စီးသည့်နေရာတွင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၃၅)ဦးတို့သည် အိန္ဒိယနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မတ်လ ၃၀ ရက်နေ့ မနက် ၇ နာရီမှစတင်ကာ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ကြေညာသည်။
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် Mandalay Great Wall Hotel မှာ တစ်ခြမ်းပြိုကျခဲ့ပြီး လူပေါင်းများစွာ ပိတ်မိနေဆဲဖြစ်သည်။
အဆိုပါဟိုတယ်အတွင်း လူ ၈၀ နီးပါးခန့် ပိတ်မိနေသည်ဟုလည်း ဒေသခံများက ခန့်မှန်းပြောကြားသည်။
အဆိုပါဟိုတယ်ပြိုကျမှုအတွင်း ပိတ်မိနေသူများကို ကယ်တင်ပေးကြရန်အတွက် ဆွေမျိုးမိတ်ဆွေများက လူမှုကွန်ယက်ကနေတစ်ဆင့် အကူအညီတောင်းခံနေကြသည်။
အိန္ဒိယနိုင်ငံမှ အဖွဲ့ဝင် ၁၁၈ ဦးပါ အိန္ဒိယတပ်မတော်အရေးပေါ်ကူညီကယ်ဆယ်ရေး ဆေးတပ်ဖွဲ့နှင့် အဖွဲ့ဝင် ၈၀ ဦးပါ သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့တို့ကို မြန်မာနိုင်ငံသို့ မတ်လ ၂၉ ရက်တွင် စေလွှတ်လိုက်ပြီဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar က ၎င်း၏ X စာမျက်နှာတွင် ဖော်ပြထားသည်။
ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်း တန်ချိန် ၄၀ ကို တင်ဆောင်ကာ အိန္ဒိယရေတပ်မှ INS Satpura နှင့် INS Savitri သင်္ဘောများသည် ရန်ကုန်ဆိပ်ကမ်းသို့ ဦးတည်ထွက်ခွာသွားကြောင်းလည်း ရေးသားဖော်ပြထားသည်။
အိန္ဒိယနိုင်ငံသည် မြန်မာငလျင်ဘေးအတွက် တုံ့ပြန်ကူညီဆောင်ရွက်မှုအဖြစ်Operation Brahma စီမံချက်အမည်ဖြင့် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီများ မတ်လ ၂၉ ရက်တွင် စတင်ပေးပို့နေပြီဟုလည်း သိရသည်။

