မင်းအောင်လှိုင်ကို BIMSTEC ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ခွင့် မပေးရန် ထိုင်းအစိုးရနှင့် BIMSTEC ခေါင်းဆောင်များကို အရပ်ဘက်အဖွဲ့အစည်း ၃၁၉ ဖွဲ့က အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆို
ရန်ကုန်၊ မတ် ၃၀
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် BIMSTEC ထိပ်သီးဆွေးနွေးပွဲကို မင်းအောင်လှိုင် အား တက်ရောက်ခွင့် မပေးရန် အရပ်ဘက်အဖွဲ့အစည်း ၃၁၉ ဖွဲ့က မတ်လ ၂၉ ရက်နေ့တွင် ထိုင်းအစိုးရနှင့် BIMSTEC ခေါင်းဆောင်များထံ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်သည်။
ယင်းဆွေးနွေးပွဲကို ဧပြီလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပရန် ပြင်ဆင်ထားပြီး BIMSTEC အစည်းအဝေးများနှင့် အခမ်းအနားအားလုံးမှ စစ်အုပ်စု ကိုယ်စားလှယ်များနှင့် ၄င်းတို့ ခန့်အပ်ထားသူအားလုံးကို ဖယ်ရှားရန်နှင့် တရားမဝင်စစ်အုပ်စုနှင့် ၎င်းတို့ကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများအား ဆန့်ကျင်ရပ်တည်ပေးပါရန်လည်း တောင်းဆိုထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အကြမ်းဖက် မြန်မာစစ်တပ် အာဏာသိမ်းရန် ကြိုးပမ်းမှု နောက်ပိုင်း၌ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ၊ အရပ်ဘက် စစ်ဘက် မခွဲခြားတော့သည့် အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများ၊ အမြှောက်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက် တိုက်ခိုက်မှုများ၊ အကြီးအကျယ် ညှဉ်းပမ်းနှိပ်စက်မှုများ၊ ကျေးရွာပေါင်းများစွာကို မီးတိုက်ဖျက်ဆီးမှုများကို ကျူးလွန်ခဲ့ကာ ပြည်သူပေါင်း ၂၈၉၀၀ ကျော်ကို ဥပဒေမဲ့ ဖမ်းဆီးခဲ့သည်။
စစ်အုပ်စုသည် တစ်နှစ်ထက်တစ်နှစ် ၎င်းတို့၏ လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်လာခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုအရေအတွက်သည်လည်း မြင့်တက်လာခဲ့ကြောင်း၊ ထို့ပြင် မြန်မာစစ်တပ်သည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ကာ နိုင်ငံတွင်းရွှေ့ပြောင်းဒုက္ခသည်စခန်းများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများအပေါ် တိုက်ခိုက်ခြင်းများ အပါအဝင် လေကြောင်းတိုက်ခိုက်မှုပေါင်း ၄,၆၃၁ ကြိမ် ထိပြုလုပ်ခဲ့ကြောင်း သိရသည်။
အရပ်သား ပြည်သူများရှိရာ နေရာများကိုလည်း တားမြစ်ထားသည့် မီးလောင်ဗုံး အသုံးပြုတိုက်ခိုက်ခြင်းများလည်း ပါဝင်ခဲ့ကာ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၂၆၀၃ ဦးနှင့်အထက် သေဆုံးခဲ့ပြီး ၄,၁၈၄ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါရာဇဝတ်မှုများ၏ ရလာဒ်အနေဖြင့် လူပေါင်း ၃ သန်းကျော်သည် ယခုအခါ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရကြောင်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။
နိုင်ငံခြား အစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီကို အစိုးရတစ်ရပ်အနေဖြင့် တွေးထင်၍ ထိတွေ့ဆက်ဆံမည်ဆိုလျှင် သို့တည်းမဟုတ် စစ်အုပ်စုခန့်အပ်သူများနှင့် ၎င်းတို့ မိတ်ဖက်များကို နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ချိတ်ဆက်လုပ်ကိုင်ရန် အားပေးကူညီမည်ဆိုလျှင် အကြမ်းဖက်စစ်အုပ်စုကို အတင့်ရဲစေပြီး ပြည်သူများအပေါ် အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်ခြင်း၊ မြန်မာပြည်သူများ ကိုယ်စား ဆုံးဖြတ်ချက်များကို တရားမဝင်ချမှတ်စေခြင်း၊ စစ်အုပ်စုကို နိုင်ငံရေးတရားဝင်မှုပေးအပ်ခြင်းနှင့် အစိုးရတစ်ရပ်အဖြစ် ပုံဖော်ရန် ၎င်းတို့၏ တရားမဝင်ကြိုးပမ်းမှုများကို ပံ့ပိုးကူညီခြင်း၊ စစ်အုပ်စုအား ဆက်ဆံရေးတည်ဆောက်မှုများ၊ ဘဏ္ဍာငွေနှင့် အရင်းအမြစ်များ ရရှိစေရေးတို့တွင် ကူညီပံ့ပိုး ခြင်းနှင့် မြန်မာပြည်သူများအပေါ် စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးတွင် ပံ့ပိုးကူညီခြင်းတို့ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
ထို့ကြောင့် နိုင်ငံတကာအစည်းအဝေးများနှင့် ကွန်ရက်များမှ တဆင့် မြန်မာစစ်အုပ်စုနှင့် အခြားသူများအကြား ဖြစ်လာနိုင်ဖွယ် သံတမန်ဆက်ဆံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံရေးများကို အားပေး ကူညီခြင်းဖြင့် ကြံရာပါ မဖြစ်ရန် အလွန်ပင် အရေးကြီးကြောင်း၊ အာဆီယံနှင့် ကုလသမဂ္ဂအပါအဝင် အခြားသော အစိုးရ အချင်းချင်းကြား အဖွဲ့အစည်းများသည် မြန်မာစစ်အုပ်စုအား အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ထားပြီးဖြစ်ကြောင်းလည်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။
ထိုင်းအစိုးရ အပါအဝင် BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများ၏ တုံ့ပြန်မှုကို မျှော်လင့်ချက်များစွာဖြင့် စောင့်မျှော်နေပြီး တစ်ချိန်တည်းတွင် ခေါင်းဆောင်များ၏ လုပ်ဆောင်ချက်များသည် မြန်မာပြည်သူများအပေါ် ပံ့ပိုးကူညီနေသည်လား သို့မဟုတ် တရားမဝင် အကြမ်း ဖက်စစ်အုပ်စုအား ပံ့ပိုးကူညီနေသည်လားဆိုသည်ကို ဆက်လက် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားပြုအဖွဲ့အစည်း ၃၁၉ ဖွဲ့က လက်မှတ်ရေးထိုး တောင်းဆိုထားသည့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
