ငလျင်ဒဏ်သင့် အမရပူရနှင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ဆေး ဝါး အကူအညီလိုအပ်
ငလျင်ဒဏ်သင့် အမရပူရမြို့နယ်၊ စစ်ကိုင်းမြို့နယ်မှ ဆင်ကာကျေးရွာ၊ ပန်းချီကျေးရွာနှင့် ဘုံးဘိုးကျေးရွာတို့မှ သောက်သုံးရေနှင့် ဆေးဝါးများ အကူအညီလိုအပ်နေကြောင်း အဆိုပါကျေးရွာမှ ပြည်သူများ ကရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အမရပူမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အိမ်များပြိုကျခြင်း၊ ဗလီများပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အများစုသော ကျေးရွာများသို့ ကူညီကယ်ဆယ်ရေး မရောက်ရှိဘဲ ကျေးရွာများမှ ပြည်သူများ အချင်းချင်း သာ ပြန်လည် ထောက်ပံ့ကူညီကြကြောင်း သိရှိရသည်။
“လမ်းတွေ ပျက်စီးနေတော့ သွားရေလာရေးအတော်လေးခက်ခဲနေပါတယ်။ ကယ်ဆယ်ရေးလည်း မရောက်ပါဘူး။ ကယ်ဆယ်ရေး နဲ့ ရေသန့် အစားအသောက်အကူအညီကတော့ အရမ်းလိုအပ်နေပါတယ်။ အခုလော လောဆယ်ဆိုရင် ရတနာ့ဂူ ဘုရား အနီးက ဆင်ကာရွာ ပန်းချီကျေးရွာနဲ့ ဘုံးအိုးရွာမှာ အကူအညီတွေလိုနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ကျေးရွာများတွင်လည်း ငလျင်ဒဏ်ကြောင့် အိမ်များအားလုံး ပြိုကျပျက်စီးနေပြီး နေထိုင်ရန် မသင့်တော်တော့ကြောင်း၊ ထို့ကြောင့် ကွင်းပြင်များတွင် စုဖွဲ့၍ နေထိုင်ရပြီး ညအချိန် မြွေ၊ ကင်းအန္တရာယ်များလည်း စိုးရိမ်နေရကြောင်း၊ ကျန်းမာရေးမကောင်းမွန်သော သက်ကြီးရွယ်များ၊ ကလေးမိခင်များနှင့် ကလေးများမှာလည်း ကျန်းမာရေးမကောင်းမှုနှင့် နာဖျားမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
“လက်ရှိကတော့ အိမ်တော်တော်များများ နေလို့မရတော့ပါဘူး။ ရေသန့် နဲ့ အစားအစာ အဓိကလိုပါတယ်။ ပြီးတော့ ဆေးဝါးလည်း လိုတယ်။ ဖျားနာတာနဲ့ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်တာတွေဖြစ်တယ်။ ဓာတ်ဆားနဲ့ ဆေးဝါးတွေလည်းလိုပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အမရပူမြို့နယ်၊ ဘုံးအိုးကျေးရွာတွင်လည်း ဗလီများ ပြိုကျမှုကြောင့် အလောင်း ၁၃၀ ကျော်မှ ၂၀၀ နီးပါး ဖော်ယူရရှိထားပြီး ဗလီတစ်လုံးမှာမူ စက်ယန္တရားအခက်အခဲကြောင့် အလောင်းများ မတူးဖော်ရသေးကြောင်း၊ ကျေးရွာနေ ပြည်သူများကို ကွင်းပြင်စုစည်း၍ စုပေါင်းနေထိုင်ကြကြောင်း၊ ဘုံးအိုးကျေးရွာတွင်လည်း လူဦးရေ ၁၀၀၀၀ ဝန်းကျင်ရှိ၍ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် သောက်သုံးရေများ အဓိက လိုအပ်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ငလျင်ဒဏ်ကြောင့် လမ်းများ ကွဲအပ် ပျက်စီးနေစဉ်။


