မန္တလေးမြို့အနီး ဗဟိုပြု၍ ယနေ့ ညနေပိုင်းတွင် မြေငလျင် တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ်များ ဆက်လက် လှုပ်ခတ်နိုင်သည့်အတွက် ပြည်သူများ သတိပြုနေထိုင်ကြရန် NUG အစိုးရ အသိပေး
ရန်ကုန်၊ ဧပြီ ၁
မန္တလေးမြို့အနီး ဗဟိုပြု၍ ယနေ့ ညနေပိုင်းတွင် မြေငလျင် တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ်များ ဆက်လက် လှုပ်ခတ်နိုင်သည့်အတွက် ပြည်သူများ သတိပြုနေထိုင်ကြရန် NUG အစိုးရက အသိပေး ထုတ်ပြန်ထားသည်။
ယနေ့ ဧပြီလ ၁ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် မြန်မာပြည်တွင်း၊ မန္တလေးမြို့၏ အနောက်မြောက်ဘက် ၁၅ ကီလိုမီတာခန့် အကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅.၀ အဆင့်နှင့် အတော်အသင့်အင်အားရှိသည့် မြေငလျှင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့် အညီ နေထိုင်ကြပါရန် NUG အစိုးရက အသိပေး ပြောဆိုထားသည်။
“ဒီနေ့ ညနေပိုင်း ထပ်လှုပ်သွားတာပါ။ သိသိသာသာကို လှုပ်သွားတယ်။ စက္ကန့်ပိုင်းလောက်တော့ကြာတယ်။ နောက်ဆက်တွဲ ငလျင်တွေက နေ့စဉ် နည်းပါးကို လှုပ်နေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ပေါ် ထိခိုက်ပျက်စီးမှု အခြေအနေများ


