ရန်ကုန်၊ ဧပြီ ၇
တနင်္သာရီတိုင်း၊ ရေဖြူမြို့တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ ပြည်သူများကို ဆက်တိုက် ဖမ်းဆီးခြင်းကြောင့် ၄၀ ဦးကျော် ဖမ်းဆီးခံရပြီး ကျေးရွာများရှိ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် ခိုးယူနေကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၆ ရက်နေ့က စတင်ကာ ရေဖြူမြို့နယ်ဘက်ကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို ဆက်တိုက် ဝင်ရောက် စီးနင်းနေခြင်းဖြစ်ကြောင်း၊ ယင်း စစ်ကြောင်းသည် ဇာဒီရွာမှ ပြည်သူပိုင်ပစ္စည်းများကိုလည်း ခိုးယူသွားပြီး ရေနက်ဆိပ်ကမ်းကို သွားရောက်ရန် ဦးတည်နေကြောင်း သိရသည်။
ထို စစ်ကြောင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၄၀၀ ကျော်ခန့်ပါဝင်ပြီး ရေနက်ဆိပ်ကမ်း သွားရာလမ်း တစ်လျှောက်တွင် တပ်ဖြန့်ထားပြီး ကျေးရွာများကို ဆက်တိုက် ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူရန် လုပ်ဆောင်နေကြောင်း သိရှိရသည်။
ထို့ပြင် နဘုလယ် တိုက်နယ်တွင် ရောက်ရှိနေသာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တိုက်နယ်အတွင်းရှိ ကျေးရွာ ၄ ရွာကို ဝင်ရောက် စီးနင်းပြီး အရပ်သား ပြည်သူ ၄၀ ကျော်ကို ဖမ်းဆီးထားကြောင်း၊ ဖမ်းဆီးခံရသော ပြည်သူများထဲတွင် အမျိုးသမီးများလည်း ပါဝင်ပြီး လက်ရှိချိန်ထိ ပြည်သူ အားလုံးကို ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။
“စစ်ကြောင်း ထိုးတာက အင်အားက ၈၀၀ကျော် ၉၀၀ လောက်ရှိတယ်။ အင်အား အဲဒီလို အင်အားနဲ့ထိုးနေတာ။ စစ်ကြောင်းက ၃ ကြောင်း စဝင်တုန်းက သုံးကြောင်းပေါ့။ ဒါပေမယ့် ဒီထဲမှာ။ သူတို့ မွှေနှောက်ပြီးတော့၊ စစ်ကြောင်းတွေခွဲပြီးတော့ သွားနေတာရှိတယ်။ အိမ်တွေမှာ ဖျက်ဆီးတာတွေ ပစ္စည်းတွေယူသွားတာတွေကတော့ ရွာတိုင်းလိုလိုမှာရှိတယ်။ မောင်းမကန်ဘက်နေပြီးတော့၊ သွားတဲ့ စစ်ကြောင်းက နဘုလယ်ရွာကို ရောက်နေတယ်။ နဘုလယ်ရွာရောက်ပြီးတော့ ပြည်သူတွေ ဖမ်းထားတာ မနည်းဘူး။ ဖမ်းထားတာရှိတယ်။ ဖမ်းထားဆိုတာက ဖမ်းပြီးတော့ ဒီအတိုင်းထားတာပေါ့နော်။ ဘုန်ကြီးကျောင်းမှာတပ်စွဲပြီးတော့ ပြည်သူတွေဖမ်းထားတာ၊ ဖမ်းထားတာတွေရှိတယ်။ နည်းဆုံးတော့ ၃၀ကျော် ၄၀လောက်ရှိမယ်။ အဲဒီရွာသားတွေလေ။ ယောက်ကျားလေးမိန်းကလေးအကုန်ပါတယ်တာပေါ့” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
