ရွှေဘိုနှင့် သံတောင်ကြီးတို့တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးရွာမှ ပြည်သူ့စစ် ၁ ဦး သေနတ် ၁ လက်ယူ ဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း People’s Defence Force Shwebo District မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးရွာမှ ပြည်သူ့စစ် ၁ ဦးသည် ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်းထံသို့ G3 သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ခု၊ ကျည် ၆၆ တောင့် ၊ လက်ပစ်ဗုံး ၂ လုံးတို့ နှင့် အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း၊ ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သောကြောင့် ထိုက်ထိုက်တန်တန် ဆုကြေးငွေ ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
“တစ်ရက်ထက် တစ်ရက် စစ်ကောင်စီက အင်အားချို့တဲ့ လာတာကြောင့် ပြည်သူ့ဘက်ကို အမြန်ဆုံး ခိုလှုံလာဖို့ တိုက်တွန်းလိုပါတယ်။ အကြမ်းဖက် စစ်ကောင်စီ၏ စစ်မှုထမ်း အမိန့် ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်သို့ ရပ်တည်လိုသည့် စစ်ကောင်စီ တပ်သားများအနေနဲ့ အချိန်မရွေး ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်သို့ခိုလှုံကြဖို့ အသိ ပေးပြောချင်ပါတယ်” ဟု People’s Defence Force Shwebo District မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အလားတူ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ခမရ ၅၉၂ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦးလက်နက်ဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း KNLA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ ထံမှ သိရသည်။
ဧပြီလ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၅၉၂ တပ်သား တစ်ဦးသည် MA1 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ၁၅၀ တောင့် ၊ ကျည်ကာ တစ်စုံ၊ ကျည်ဘောက် ၄ ဘောက် တို့နှင့်အတူ တပ်မဟာ ၂ တပ်ရင်း ၅ ထံ လာရောက်ပူးပေါင်းအလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။



