ရန်ကုန်၊ ဧပြီ ၁၀
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ကံကလေး (အမ်) ကျေးရွာတွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်မှူးက ကျေးရွာနေ ပြည်သူများထံမှ စစ်မှုထမ်းကြေးအဖြစ် ၂ လ တစ်ကြိမ် ငွေကြေးများ အတင်း အဓမ္မ ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မှော်ဘီမြို့နယ်၊ ကံကလေး (အမ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မောင်ဇော် (ခ) ခင်ဇော်ဦး သည် စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် ကျေးရွာနေ ပြည်သူများထံမှ ၂ လ တစ်ကြိမ် ငွေကြေး အတင်းအဓမ္မ ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
ကံကလေး (အမ်) ကျေးရွာအုပ်စုရှိ ကျေးရွာများဖြစ်သော ကံကလေး(အမ်)ကျေးရွာ၌ အိမ်ထောင်စု တစ်စုလျှင် စစ်မှုထမ်းကြေး ၂ လ တစ်ကြိမ် ငွေကျပ် ၅၀၀၀၀ ၊ အစုလေး ကျေးရွာတွင် စစ်မှုထမ်းကြေး ၂ လ တစ်ကြိမ် ငွေကျပ် ၁၁၂၀၀၀ နှင့် ကုန်းကလေး (ကံ) ကျေးရွာတွင် စစ်မှုထမ်းကြေး ၂ လတစ်ကြိမ် ငွေကျပ် ၅၀၀၀၀ ကောက်ခံ၍ စာရင်းရှင်းလင်းတင်ပြမှု မရှိဘဲ ၎င်းတို့၏ ကိုယ်ကျိုးအတွက် မြို့နယ် ထွေအုပ်ကို မျက်နှာလုပ်၍ ငွေများကို အတင်းအဓမ္မ ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မောင်ဇော် (ခ) ခင်ဇော်ဦး သည် စစ်မှုထမ်းကြေးများကို တစ်အိမ်လျှင် ငွေကျပ် ၅၀၀၀၀ မှ ၈၀၀၀၀ သို့ လည်းကြောင်း၊ ငွေကျပ် ၁၁၂၀၀၀ မှ ၂၀၀၀၀၀ သို့ လည်းကောင်း တိုးမြှင့် ကောက်ခံနေကြောင်း သိရသည်။
“အခု ရွာသူရွာသားတွေက စစ်မှုထမ်းရမှာကို ကြောက်ရွံ့ပြီး ငွေတွေကို အတိုးနဲ့ချေးယူပေးနေရတာ စားဝတ်နေရေးနဲ့ ငွေကြေးအခက်အခဲများစွာ ဖြစ်ပေါ်နေလို့ ပြည်သူတွေ အတော်ကို ဒုက္ခရောက်နေပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ မိုးညိုမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက လက်နက်ပြ ခြိမ်းခြောက်၍ စစ်မှုထမ်းကြေးများ အတင်း အဓမ္မ ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မိုးညိုမြို့နယ် လက်ပံခုံအုပ်စု လက်ပံခုံရွာ နှင့် အနီးအနားရွာများကို အုပ်ချုပ်ရေးမှူး ဘောဂ နှင့် အုပ်ချုပ်ရေးမှူး လက်အောက်ခံ နိုင်လင်းဦး ဦးဆောင်ကာ ရပ်ရွာများတွင် စစ်မှုထမ်းရန် အမည်စာရင်းပါသည့် နေအိမ်များကို ၁၅ ရက်တစ်ခါ ငွေကျပ် ၄၀၀၀၀ တောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်မှုထမ်းရန် အမည်စာရင်းမပါသည့် နေအိမ်များကို ၁၅ ရက်တစ်ခါ ငွေကျပ် ၁၅၀၀၀ တောင်းခံကြောင်း၊ စားဝတ်နေရေးအတွက် ရုန်းကန်နေရသော ပြည်သူများ များပြားလာပြီး ငွေကြေး မပေးသူများကို သေနတ်ပြ ခြိမ်းခြောက်မှုများပါ လုပ်ဆောင်နေကြောင်း သိရှိရသည်။
“မရှိလို့ မပေးရင်လည်း နောက်တစ်ခါ သေနတ်ကိုင်ပြီး လာတောင်းကြပါတယ်။ ပိုက်ဆံတွေပေးရင် ပေါ်တာမဆွဲဘူး။ မဖမ်းဘူးဆိုပြီးတော့လည်း ဆိုင်ကယ်တွေကို ဖမ်းပြီး ပိုက်ဆံတောင်းပါတယ်။ ပြည်သူတွေက တစ်ဖြေးဖြေး အဆင်မပြေဖြစ်လာပါတယ်။ ဒီလို ၁၅ ရက်တစ်ခါ ၄၀၀၀၀ ပေးရတာက ကြာလာတော့ ပြည်သူတွေက အဆင်မပြေဖြစ်လာကြပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – စစ်မှုထမ်းအဖြစ် စုဆောင်းခံရသော လူငယ်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
