တောင်ငူနှင့်ဝမ်းတွင်းတွင် ယနေ့ နံနက်ပိုင်း ငလျင်ငယ်များ လှုပ်နေပြီး နောက်ဆက်တွဲငလျင် လာနိုင်၍ သတိပြုကြရန် သတိပေး
ရန်ကုန်၊ ဧပြီ ၁၁
ယနေ့ ဧပြီလ ၁၁ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ ၅၉ မိနစ်အချိန် မန္တလေးတိုင်း၊ သာစည်မြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ချ်တာစကေး ၅.၅ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျှင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ကြောင်း၊ စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲ ငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သတိပေးသည်။
“ဒီမနက် ၁၁ နာရီလောက်မှာ လှုပ်တဲ့ ငလျင်က အတော်ပြင်းတယ်။ ၂ ချက် သိမ့်ကနဲ သိမ့်ကနဲ ဖြစ်သွားတာ။ အကုန် လမ်းမတွေ ပေါ် ပြေးထွက်ကြတယ်။ အိမ်ထဲ မနေရဲကြဘူး” ဟု မိတ္တီလာမှ ပြည်သူတစ်ဦးက ဆိုသည်။
အလားတူ ယနေ့ နံနက် ၁၁ နာရီ ၂၈ မိနစ်အချိန်တွင်လည်း သာစည်မြို့အနီးတွင် ငလျင်ငယ်တစ်ခု ထပ်မံ လှုပ်ခတ်သွားခဲ့ပြီး အလွန်သိသာစွာ ခံစားရ ပြန်ကြောင်း သိရှိရသည်။
ထို့ပြင် ဝမ်းတွင်းမြို့နယ်နှင့် မြစ်သားမြို့နယ်တွင်လည်း ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားသိရှိရကြောင်း ဒေသပြည်သူများက ဆိုကြသည်။
ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်း နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်နေရာ ယနေ့ နံနက် ၉ နာရီ ၂ မိနစ်အချိန် တောင်ငူမြို့ အနောက်မြောက်ဘက် ၁၃ မိုင်ခန့်အကွာကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း ၊ အလားတူ ယနေ့ နံနက် ၈ နာရီ ၄၃ မိနစ်အချိန် ဝမ်းတွင်းမြို့နယ်၏ အရှေ့မြောက်ဘက်ကို ၉ မိုင်ခန့်ကို ဗဟိုပြု၍ ပြင်းအား ၃ အဆင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။
မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်အကြိမ်ရေ ၁၁၈ ကြိမ် လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
