စစ်ကိုင်းငလျင်လှုပ်ခတ်စဉ် မန္တလေးတက္ကသိုလ် မီးလောင်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ၄ သိန်း ခန့် မီးလောင်သွား၍ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည်တော်တို့တွင် စာမေးပွဲ ပြန်ဖြေခိုင်းမည်
ရန်ကုန်၊ ဧပြီ ၁၂
စစ်ကိုင်းငလျင်လှုပ်ခတ်စဉ် မန္တလေးတက္ကသိုလ် မီးလောင်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ၄ သိန်း ခန့် မီးလောင်ပျက်စီး၍ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည်တော်တို့တွင် စာမေးပွဲ ပြန်ကျင်းပရန် အကြမ်းဖက် မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်း ပညာရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။
မတ် ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိလျက်ရှိသည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေး တိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၄၆၉၄၄ ဦး၏ အဖြေလွှာအုပ်ရေ ၂၈၀၉၄၀ အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၇၃၁၁ ဦး၏ အဖြေလွှာအုပ်ရေ ၄၃၈၂၇ အုပ်၊ ကချင် ပြည်နယ်မှ ဖြေဆိုသူဦးရေ ၈၆၉၉ ဦး၏ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ် စုစုပေါင်း အဖြေလွှာ ၄ သိန်းဝန်းကျင် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။
ထိုကဲ့သို့ အဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့သည့်အတွက် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် နေပြည် တော်ကောင်စီနယ်မြေအတွင်းမှ ဖြေဆိုခဲ့သည့် ကျောင်းသားကျောင်းသူများ၏ အဖြေလွှာများ မီးလောင် ပျက်စီးသွားခဲ့သည့်အတွက် စာမေးပွဲ ပြန်လည် ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ရန် မင်းအောင်လှိုင်က မတ်လ ၂၉ ရက်နေ့ မန္တလေး ခရီးစဉ်အတွင်း ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။
မန္တလေးတွင် လာမည့် မေလ ၁ ရက်နေ့ ကျောင်းသားကျောင်းသူများကို အနီးကပ် ၂ ပတ် ကျောင်းတက်ခိုင်းပြီး စာမေးပွဲ ပြန် လည် ဖြေခိုင်းရန် ကျောင်းသားမိဘများကို သက်ဆိုင်ရာ ကျောင်းများက ပြန်လည် ခေါ်ယူညှိနှိုင်း အသိပေးခဲ့ကြောင်း သိရှိရသည်။
“မန္တလေးမှာ ၁၂ တန်းကျောင်းသားကျောင်းသူတွေ စာမေးပွဲ ပြန်ဖြေရမယ်လို့ မန္တလေး အထက ၅ က ခေါ်ပြောပါတယ်။ မေလ ၁ ရက်နေ့ကစပြီး ၂ ပတ် ကျောင်းတက်ရမယ်။ ပြီးရင် စာမေးပွဲ ပြန်ဖြေရမယ်။ အဓိကက အဖြေလွှာတွေ မီးလောင်တဲ့အထဲ ပါသွားလို့တဲ့။ ကလေးတွေက ငလျင်ဒဏ်သင့်ရတဲ့အထဲ စာမေးပွဲ ပြန်ဖြေရမယ်ဆိုတော့ မိဘရော ကျောင်းသားကျောင်းသူရော အကုန်စိတ်ဆင်းရဲနေရတယ်” ဟု မန္တလေး အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုထားသော ကျောင်းသားတစ်ဦး၏ မိဘက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
