နွားထိုးကြီးမြို့နယ်၊ လက်ဝဲ+မြင်းနီရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ် ခတ်မှု အသက် ၈၂ နှစ်အရွယ် ဦးပေါသန်း သေဆုံးပြီး နေအိမ် ၅ လုံးပြာကျ
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲ+မြင်းနီရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၈၂ နှစ်အရွယ် ဦးပေါသန်း သေဆုံးပြီး နေအိမ် ၅ လုံးပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၁ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ လက် ဝဲ+မြင်းနီရွာကို မြင်းခြံမြို့နယ် ခမရ ၁၅ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် လက်ဝဲ+မြင်းနီရွာတွင် နေထိုင်သော အသက် ၈၂ နှစ် အရွယ် ဦးပေါသန်းကို ကျည်စထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၅ လုံးလည်း မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။
“မနေ့က ညက မြင်းခြံမြို့နယ် ခမရ ၁၅ ခွေးတပ်ကနေ နွားထိုးကြီးမြို့နယ် လက်ဝဲ+မြင်းနီရွာကို လက်နက်ကြီးနဲ့ ၄ ကြိမ်ထုတာ ၄ လုံးကျရောက် ပေါက်ကွဲခဲ့တယ်။ မီးပါလောင်ခဲ့တာ ဦးပေါသန်း နေအိမ်ပေါ်ကိုလည်း လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး သူပါ ပွဲချင်းပြီးသေဆုံးသွားတယ်။ နေအိမ် ၅ လုံးလည်း မီးလောင်ပျက်စီးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။


