သင်္ကြန်အကြိုနေ့တွင် စစ်ကောင်စီက တန့်ဆည်မြို့နယ်၊ လယ်မရွာ ဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ လယ်မရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၇ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၆ မိနစ်ခန့်တွင် တန့်ဆည်မြို့နယ်၊ လယ်မရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်နှင့် မိတ္ထီလာ (ရှမ်းတဲ) လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၃၀ နှစ်အရွယ် မပွားဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၄၀ နှစ်အရွယ် ဦးညိုလင်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
” တံတားဦးလေတပ်က တက်လာသော Jet Fighter ၁ စီးနဲ့ မိတ္ထီလာ (ရှမ်းတဲ) လေတပ်တက်က တက်လာတဲ့ Mig 29 Jet Fighter ၁ စီးတို့နဲ့ တန့်ဆည်မြို့နယ် လယ်မရွာဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာ အသက် ၃၀ နှစ်အရွယ် မပွားဦး သေဆုံးတယ်။ အသက် ၄၀ နှစ်အရွယ် ဦးညိုလင်း ထိခိုက်ဒဏ်ရာရတယ်” ဟု ရွှေဘိုခရိုင် အမှတ် ၇ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


