လက်ပံတန်းတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံး
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ ပြောဆိုသည်။
ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ရွာမှ ထွက်ခွာလာသော အင်အား ၈၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို အုပ်ဖိုစုရွာနှင့် ရေငံရွာကို ဆက်သွယ်ထားသည့် ချောင်းကူးတံတား အနီး၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နှင့်အတူ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များ ပူးပေါင်း၍ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုသည် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံးကာ ၄ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
“ထန်းပင်ချောင်းဘက်ကနေ ခြေလျင်တက်ချလာတဲ့ စစ်ခွေး စစ်ကြောင်းကို ရေငံနဲ့ အုပ်ဖိုစုကို ဆက်သွယ်ထားတဲ့ တံတားနားကနေစောင့်ပြီး တိုက်ခိုက်ပါတယ်။ အဲ့မှာ အပြန်အလှန် ၁ နာရီလောက် တိုက်ပွဲဖြစ်တာမှာ စစ်ခွေး ၈ ကောင်သေတယ်။ ၄ ကောင်က ဒဏ်ရာရပြီး အထိနာသွားတော့ သူတို့တပ်ဆွဲထားတဲ့ ထန်းပင်ချောင်ဘက်ကို ဖရိုဖရဲပြန်ဆုတ်သွားပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဆက်လက်၍လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ အနေဖြင့်လည်း စစ်ကောင်စီ တပ်သားများအနီး သွားလာ နေထိုင်မှုများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။
ဓာတ်ပုံ – လက်ပံတန်းမြို့နယ်၊ အုပ်ဖိုစုရွာ တိုက်ပွဲအတွင်း သေဆုံးနေသည့် စစ်သားအလောင်း (ပုံဟောင်းဖြစ်သည်)
