ရန်ကုန်၊ ဧပြီ ၁၆
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ သောင်းတန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၂ ဦးထက်မနည်း သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၁၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန် ပဲခူးတိုင်း အုတ်တွင်းမြို့နယ်၊ ရေအိုးစဥ်ကျေးရွာအုပ်စု သောင်း တန်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ မိသားစုတစ်စုတည်းမှ ၄ ဦးဗုံးထိမှန်ခဲ့ကြောင်း၊ ယင်းတို့အနက်မှ အသက် ၃၅ နှစ်အရွယ် ကိုမျိုးနှင့်ဇနီးဖြစ်သူတို့မှာ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး။ ဒီအတိုင်း လေယာဥ်နဲ့ ဗုံးကျဲချတာပါ။ တစ်အိမ်တည်း မိသားစုဝင် ၄ ဦးထိတယ်။ ဆေးကုဖို့ ခေါ်သွားရင်းနဲ့ ကိုမျိုးနဲ့ သူ့အမျိုးသမီး ဆုံးတယ်။ ကျန်တဲ့ ၂ ဦးကလည်း ဒဏ်ရာရရှိထားပါတယ်” ဟု ဒေသပြည်သူက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သော ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ သောင်းတန်းကျေးရွာမှာ အရပ်သားပြည်သူများသာ နေထိုင်သော ကျေးရွာဖြစ်ပြီး မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိကြောင်း၊ ကျေးရွာသူ ကျေးရွာသားများမှာ လယ်ယာစိုက်ပျိုးရေးနှင့်ခြံလုပ်ငန်းများ လုပ်ကိုင်အသက်မွေးကြကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ယခုသင်္ကြန်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိရာ နိုင်ငံတစ်ဝန်းတွင် ပြည်သူများ ထိခိုက်သေဆုံးမှု အရေအတွက်မြင့်တက်များပြားလာနေကြောင်း တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


