သင်္ကြန်အတက်နေ့တွင် စစ်ကောင်စီက ကော့ကရိတ်မြို့၊ မြောက်ကမ္မရိုက်ရွာကို Y-12 လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး မနှင်းဦး ပွဲချင်းပြီး သေဆုံး
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ မြောက်ကမ္မရိုက်ရွာကို Y-12 လေယာဥ်ဖြင့် အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး မနှင်းဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Mon Liberation Army မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ကော့ကရိတ်မြို့၊ မြောက်ကမ္မရိုက်ရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဥ်ဖြင့် ဗုံးကျဲခဲ့ပြီး ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံးကာ ကလေးများအပါအဝင် ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း အသက် ၃၇ နှစ်အရွယ် ကိုယ်၀န်ဆောင် မနှင်းဦး ကျောဘက်တွင် ထိခိုက် ဒဏ်ရာရရှိကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မြောက်ကမ္မရိုက်ကျေးရွာတွင်နေထိုင်သော ဦးဖိုးကျော် ၊ ဦးပန်းသွင် ၊ အသက် ၇ နှစ်အရွယ် သဲပိုးလေး နှင့် အသက် ၉ နှစ်အရွယ် သဲမြတ်နိုး တို့ မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကောင်မလေး ငယ်ငယ်လေးက ယမ်းစတွေလောင်ထားတာ ခုတော့သက်သာပါပြီ ကျန်တဲ့ သူတွေလည်း ထိခိုက်ဒဏ်ရာမစိုးရိမ်ရပါဘူး။ သေဆုံးသွားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးက တစ်ရက် နှစ်ရက်နေရင် မွေးတော့မှာပါ။ နေ့စေ့လစေ့နဲ့ ကိုယ်၀န်သည် အစ်မက ၃ နှစ်ကျော် သားလေးကို ပိုက်ထားပေးရင်း ကျောကို ဖောက်သွားတာပါ အစတွေက သုံးနှစ်ကျော်ကလေးက ဘာမှမဖြစ်သွားပါဘူး။ ဗိုက်ထဲကကလေးကလည်းအသက်မရှင်ပါဘူး” ဟု Mon Liberation Army မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် စစ်ရေးသတင်းများကို နားစွင့်၍ ဂရုတစိုက်နေထိုင်ပေးကြရန် မေတ္တာရပ်ခံကြောင်း Mon Liberation Army မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။


