22 C
Yangon

မြ၀တီမြို့နယ်၊ မင်းလက်ပံနှင့် လေးကေ့ကော်ဘက်သို့ စစ်တပ်နှင့် BGF များက အလုံးအရင်း စစ်ကြောင်းထိုးသဖြင့် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က BGF ဝတ်စုံများဝတ်ကာ ထိုးစစ်ဆင်၊ ထိုင်းဘက်အခြမ်းသို့ မြန်မာဘက်မှ ကျည်များ ကျရောက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မင်းလက်ပံနှင့် လေးကေ့ကော်ဘက်သို့ စစ်တပ်နှင့်လက်အောက်ခံကရင်နယ်ခြားစောင့်တပ် BGF များက အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ မြ၀တီမြို့နယ်၊ မင်းလက်ပံနှင့် လေးကေ့ကော်ဘက်သို့ အင်ကြာင်းမြိုင်မှ စစ်တပ်နှင့် BGF တပ်များက စစ် ကြောင်း ထိုးလာခြင်းဖြစ်ပြီး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း၊ မြ၀တီမြို့ အခြေစိုက် ၂၇၅ တပ်ရင်းကလည်း လက်နက်ကြီးများ၊ မစ်ဇိုင်းများ ပစ်ကူပေးနေကြောင်း သိရှိရသည်။

“မြဝတီ ၂၇၅ ကနေ မစ်ဇိုင်း တွေပစ်ထည့် နေတယ်။ အင်ကြင်းမြိုင် တရုတ် ကျားဖြန့်ရုံတွေနားကနေ စစ်ကြောင်းတွေ ပတ်တက်ဖို့ စစ်တပ်နဲ့ BGF တွေ လုပ်နေတယ်။ ထိုင်းနယ်စပ် ကျားဖြန့် လှေကူး ကမ်းကူ ဂိတ် တွေလည်း ပိတ် ထားတယ်။ ဒီဘက်မှာ တိုက်ပွဲ ပြင်းထန်လို့ ထိုင်းဘက်ကိုလည်း ကျည်ကျတယ်။ လက်နက်ကြီးတွေ ကျည်တွေ ကျနေတာ။ ထိုင်းစစ်တပ်ကလည်း ကင်းလှည့်နေတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော စစ်ရေး သတင်းရင်းမြစ်တချို့၏ အဆိုအရ စစ်တပ်က BGF စစ်ဝတ်စုံနှင့်တံဆိပ်များ ဝတ်ဆင်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ BGF တပ်များကလည်း စစ်တပ်နှင့်အတူ ပါဝင်လျက်ရှိကြောင်း သိရှိရသည်။

“KNLA နဲ့ BGF ကိုပါ ပြန်ပြီး တိုက်ခိုင်းမယ့် ပုံစံ နဲ့ တက်တိုက် နေတယ်လို့ သတင်းရပါတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာများမှ ပြည်သူများမှာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ထိုင်းသတင်းများတွင်လည်း မြန်မာဘက်မှ တိုက်ပွဲဖြစ်ပွားသဖြင့် ထိုင်းဘက်သို့ ကျည်များ ကျရောက်ပြီး ထိုင်းပြည်သူများနေထိုင်သော နေအိမ်များကို ကျည်ထိမှန်ကြောင်း၊ လတ်တလော ထိခိုက်ဒဏ်ရာရရှိသူ မရှိသေးကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article