မကွေးတိုင်း၊ စလင်းမြို့ပေါ်နှင့် ဆင်ဖြူကျွန်းလမ်းပိုင်းတို့တွင် ကင်းလှည့်နေသော စစ်သားများနှင့် ကင်းပုန်းဝပ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အောက်တိုဘာလ ၁၆ ရက်နေ့တွင် စလင်းမြို့ပေါ်ရှိ ပန်းခြံထောင့်အနီးတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင်လည်း ဆင်ဖြူကျွန်းလမ်းပိုင်း၌ ကင်းလှည့်နေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
“စစ်ခွေးသေစာရင်းကတော့ ကျွန်တော်တို့ ဆက်လက်စုံစမ်းနေပါတယ်။ ဆင်ဖြူကျွန်းဘက်မှာက 4Wheel ကား ၂ စီး နဲ့ စစ်ခွေးအင်အားက ၁၅ ဦး လောက်ရှိမယ် စလင်းပန်းခြံထောင့်ကတော့ စစ်ခွေး အင်အားက ၆ ဦး လောက်ရှိတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။
စလင်းမြို့ပြ (UG) ကျားပေါက်အဖွဲ့က စလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဆက်လက် ဖောက်ခွဲတိုက်ခိုက် သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ အတုယောင် ရွေးကောက်ပွဲဆောင်ရွက်ရာတွင်လည်း တိုက်ခိုက်သွားမည်ဖြစ်၍ စလင်းမြို့ပေါ်တွင် နေထိုင်သော ပြည်သူများအနေဖြင့်လည်း အကြမ်းဖက် စစ်သားများ အနီး ဖြတ်သန်းသွားခြင်းမပြုလုပ်ရန် မြို့ပြ(UG)ကျားပေါက်အဖွဲ့နှင့် ပြည်သူ့ညီနောင် -စလင်းပူးပေါင်း အဖွဲ့က ဆက်လက်ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အထွက်တွင် ကင်းပုန်းဝပ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ရေဦးမြို့အထွက်၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၁၀ ဦးခန့်ကို ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး သေဆုံးပြီး ၄ ဦး အပြင်းထန် ထိခိုက် ဒဏ်ရာရကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိသည်။
“အဲ တိုက်ခိုက်မှုက စစ်ခွေး ၂ ကောင်သေတယ်။ ၄ ဦး ဒဏ်ရာအပြင်းအထန်ရတယ်။ တစ်ပွိုင့် ၂ လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံကပြောဆိုသည်။




