ရန်ကုန်၊ အောက်တိုဘာ ၁၇
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် အောက်တိုဘာလ ၁၅ ရက်တာအတွင်း တိုက်ပွဲ ၅၂ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၄ ဦး သေဆုံးကာ စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း KNU-Mutraw District က ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ အတွင်း ဖာပွန်ခရိုင်တွင် အကြမ်းဖက် စစ်တပ် နှင့် KNLA တပ်မဟာ ၅ တို့ တိုက်ပွဲ ၅၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံးကာ ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများထဲတွင် တပ်ရင်းမှူး ၁ ဦးနှင့် ဗိုလ်မှူး ၁ ဦး တို့ ပါဝင်ကြောင်း၊ ယင်း တိုက်ပွဲများအတွင်း KNLA ဘက်မှလည်း ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ပြည်သူများနေထိုင်သော ကျေးရွာများကိုလည်း လေယာဉ်၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိကာ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ စက်တင်ဘာလပိုင်းကလည်း ဖာပွန်ခရိုင်တွင် အကြမ်းဖက် စစ်တပ်နှင့် KNLA တပ်မဟာ ၅ တို့ တိုက်ပွဲ ၁၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံးကာ ၃၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။







