တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ အောင်သပြေဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး စစ်သား အားလုံး ရဲစခန်းကို ဆုတ်ပြေးသွားကြောင်း ထား၀ယ်ခရိုင်တပ်ပေါင်းစု ပြန်ကြားရေး တာ၀န်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် လောင်းလုံးမြို့ရှိ အောင်သပြေဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားများက အနီးအနားရှိ ကျေးရွာများမှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာခဲ့သောကြောင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားအားလုံးသည် လောင်းလုံးမြို့ပေါ် ရဲစခန်းကို ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။
ထိုသို့ စစ်သားများ ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက်တွင်လည်း ပြည်သူပိုင်နေအိမ်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်သွားကြောင်း၊ ပြည်သူများသည် တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ဘေးတိမ်းရှောင်ခဲ့ခြင်းကြောင့် ထိခိုက်မှုမရှိသော်လည်း နေအိမ်တချို့ ပျက်စီးခဲ့ကြောင်း သိရသည်။
“အဲဒီ အောင်သပြေဘုန်းကြီးကျောင်းမှာက စစ်ခွေးတွေ တပ်စွဲထားတာ ၁ လကျော်လောက်ရှိပြီး အင်အားက ၄၀ လောက်ရှိတယ်။ အဲစစ်ခွေးတွေက လမ်းသွားလမ်းပြည်သူတွေဆီက ဆက်ကြေးတောင်းတာတွေ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်နေလို့ ကျနော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ သွားရောက် တိုက်ခိုက်ချိန်မှာ စစ်ခွေးတွေက အနီးအနားက ရွာတွေကို ပေါ်တာဆွဲ ဖမ်းဆီးဖို့ ထွက်လာတဲ့ အချိန်နဲ့ တိုးသွားတော့ ဘုန်းကြီးကျောင်းရှေ့မှာပဲ အနီးကပ် ပစ်ခတ်မှုဖြစ်တာပေါ့။ တိုက်ခိုက်မှုအတွင်း စစ်ခွေး ၄ ကောင်ထက်မနည်းသေဆုံးပါတယ်။ ဒဏ်ရာရတာလည်း ၁၀ ကောင်ထက်မနည်းရှိပါတယ်။ တိုက်ပွဲအတွင်းမှာပဲ စစ်ခွေးတွေက လောင်းလုံးမြို့ပေါ် ရဲစခန်းကို လမ်းတောက်လျှောက် သေနတ်တွေ ပစ်ဖောက်ပြီး ဆုတ်ခွာထွက်ပြေးသွားတယ်” ဟု ထား၀ယ်ခရိုင်တပ်ပေါင်းစု ပြန်ကြားရေး တာ၀န်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။




