ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ကို စစ်တပ်က ယမန်နေ့ ညပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် စစ်တပ်က မိုင်းငေါ့မြို့လယ်ခေါင်သို့ တိုက်လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုမှာ မိုင်းငေါ့မြို့ ၊ စျေးထဲရှိ နေအိမ်နှင့်စျေးဆိုင်များပေါ် သို့ ကျရောက်ခဲ့ပြီး ပြည်သူ ၂ ဦး သေဆုံးကာ ၂ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
” လေယာဉ်နဲ့ ကျဲချတာက ပေါင် ၅၀၀ ဗုံးတွေ ထင်ပါတယ်။ မိုင်းငေါ့မြို့လယ်ခေါင် စျေးထဲက နေအိမ်နဲ့ ဆိုင်ခန်းတွေပေါ်ပေါက်ကွဲပါတယ်။ ပြည်သူ ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရပါတယ်။ မီးတွေလည်းလောင်တော့ ပြည်သူတွေ ထွက်ငြိမ်းကြတာ။ မီးကတော့ ငြိမ်းသွားပါတယ်။ ပျက်စီး ထိခိုက်ဆုံးရှုံးမှုများပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က TNLA ထိန်းချုပ်ထားသော မြို့များသို့ ယခုအောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း အကြိမ် ၃၀ နီးပါး လုပ်ဆောင်ခဲ့ပြီး ပြည်သူ စုစုပေါင်း ၄၃ ဦး သေဆုံးခဲ့ရပြီဖြစ်သည်။






