27 C
Yangon

ဆားလင်းကြီးမြို့နယ်တွင် စစ်ဘေးရှောင်များ ခိုလှုံနေသော ထန်းပုရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် စစ်ဘေးရှောင်များခိုလှုံနေသော ထန်းပုကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၂၀ရက်နေ့ ညနေ ၅နာရီ ၃၀မိနစ်ခန့်အချိန် မုံရွာနမခမှ တက်လာသော စက်တပ်လေထီးဖြင့် ဆားလင်းကြီးမြို့နယ် ထန်းပုကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးများကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ထိုကဲ့သို့ တိုက်ခိုက်မှုအတွင်း အမျိုးသား ၁ ဦး သေဆုံးကာ၊ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦးတို့ ထိခိုက်ဒဏ်ရာရှိခဲ့ကာ ဘုန်းကြီးကျောင်းအဆောင်များလည်း ပျက်စီးခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ လင်မယား ၂ ဦးထဲက ယောင်္ကျား ဖြစ်သူ အမျိုးသား ၁ ဦးသေဆုံးပြီး ကျန်တဲ့ အမျိုးသမီး ၁ ဦးရယ် အမျိုးသား ၂ ဦးတို့ ထိခိုက်ဒဏ်ရာတယ်။ အသက်အရွယ်တွေကတော့ မသိရသေးဘူး။ ဘုန်းကြီးကျောင်းပျက်စီးတယ်။ မိန်းမဖြစ်သူက ခြေထောက် အစ မှန်သွားတယ်။ နောက်တစ်ယောက်ကတော့ ဗုံးစရှပ်ထိ မှန်သွားတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အောက်တိုဘာလ ၁၉ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တက်လာသော စက်တပ်လေထီး ၂ စီးက ဆားလင်းကြီးမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကိုလည်း ဗုံး ၁၀ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

လတ်တလော စစ်တပ်က ဆားလင်းကြီးမြို့နယ်အတွင်း မြေပြင်စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်လာနေပြီး စစ်တပ်စစ်ကြောင်းများ ဝင်လာနိုင်သည့် လမ်းတလျှောက် ကျေးရွာများမှ ပြည်သူများမှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article