30 C
Yangon

အရှေ့တီမောနိုင်ငံ အာဆီယံအဖွဲ့ဝင် နိုင်ငံသစ်ဖြစ်လာမှု အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆို၊ မြန်မာအကြမ်းဖက်စစ်တပ်၏ ကန့်ကွက်မှုများရှိခဲ့သော်လည်း အဖွဲ့ဝင်အဖြစ် တီမောနိုင်ငံကို အာဆီယံက တရားဝင် လက်ခံလိုက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၆

အာဆီယံအဖွဲ့၏ ၁၁ ခုမြောက်နိုင်ငံအဖြစ် အရှေ့တီမောနိုင်ငံကို ယခုကျင်းပနေသည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး လက်ခံလိုက်ပြီဖြစ်သည်။

ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်နေသည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် လက်ခံလိုက်ခြင်းဖြစ်ပြီး အရှေ့တီမောဝန်ကြီးချုပ် Xanana Husu ထံသို့ အဖွဲ့ဝင်အသစ်အဖြစ် ဝင်ခွင့်ပြုမှုကို တရားဝင် လက်မှတ်ရေးထိုးခွင့် ရရှိခဲ့ပြီး အာဆီယံ၏ ၁၁ ခုမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီဖြစ်သည်။

တီမောနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က နွေးထွေးစွာ ကြိုဆိုကြောင်း တရားဝင် ထုတ်ပြန် ကြေညာသည်။

“တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံမိသားစုဝင်ဖြစ်လာတဲ့အတွက် နွေးထွေးစွာကြိုဆိုပါတယ်။ ဒီအခန်းကဏ္ဍသစ်ကနေကျွန်ုပ်တို့ရဲ့ ဒေသတွင်း စည်းလုံးညီညွတ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေဖို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။”ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

အရှေ့တီမောလက်စတေနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ဆက်ဆံရေးရုံးကို တရားဝင် ဖွင့်လှစ်ထားပြီး တီမော သမ္မတ ဟိုဆေးရာမို့ဟောတာက မြန်မာ့အရေးကို နိုင်ံငံတကာတွင် ပွင့်ပွင့်လင်းလင်း ထောက်ခံပြောဆိုခဲ့သည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း တီမောနိုင်ငံသို့ သွားရောက်ခဲ့ပြီး နောက် ဆက်တွဲအနေ ဖြင့် NUG ၏ ဆက်ဆံရေးရုံးကို ၂၀၂၄ ခုနှစ်အတွင်း ဖွင့်လှစ်ခဲ့သည်။ NUG အစိုးရ တာဝန်ရှိသူများကို တီမောအစိုးရ သမ္မတနှင့်ဝန်ကြီးချုပ်တို့က အသိအမှတ်ပြု လက်ခံ တွေ့ဆုံသည့်အပြင် နိုင်ငံတကာတွင်လည်း အကြမ်းဖက်စစ်ကောင်စီ၏ စစ်အာဏာသိမ်းမှုကို တီမောအစိုးရက ရှုတ်ချကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

အရှေ့တီမောသမ္မတနှင့် ဝန်ကြီးချုပ်တို့သည် မြန်မာ့ဒီမိုကရေစီအရေးအတွက် နိုင်ငံတကာတွင် ပေါ်ပေါ်တင်တင်ထောက်ခံအားပေးပြီး အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း တရားဝင် ထိတွေ့ဆက်ဆံနေခြင်းလည်းဖြစ်သည်။

အကြမ်းဖက်မြန်မာစစ်တပ်က တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ခွင့်မပေးရန် ယခုနှစ် ဇူလိုင်လအတွင်း အာဆီယံဥက္ကဋ္ဌ မလေးရှားထံသို့ စာရေးသား ပေးပို့ ကန့်ကွက် ခဲ့သော်လည်း အရာမထင်ခဲ့ပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article