စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကျောက္ကာ ရွှေဂူနီ ဘုရားဝန်းအတွင်း အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၂ လက်နှင့် ခဲယမ်းများ ယူဆောင် အလင်းဝင်ခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၇ရက်နေ့ မုံရွာမြို့နယ်ရှိ ကျောက္ကာ ရွှေဂူနီ ဘုရားဝင်းအတွင်း အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းမှ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းဖြစ်လာသူ တပ်သားသစ် ၂ ဦးက Titans Force Monywa- အမှတ် (၂) တိုက်နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ နှင့် ချိတ်ဆက်ပြီး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း၊ လက်ရှိတွင် အလင်းဝင်လာသူ ၂ ဦးစလုံး ကောင်းမွန်စွာ လက်ခံထားရှိကြောင်း သိရှိရသည်။
“အလင်းဝင်ရောက်လာတဲ့သူတွေက မြေပြင် ချိတ်ဆက်မှုနဲ့ အလင်းဝင်လာတာပါ “ဟု မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူကပြောဆိုသည်။
ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးက MA-3 ၁ လက်၊ MA- 11 ၁ လက်၊ ခဲယမ်းများ နှင့်အတူ အလင်းဝင်ရောက်လာပြီး၊ အလင်းဝင်လာခဲ့သော စစ်မှုထမ်း တပ်သားသစ် ၂ ဦးမှာ စစ်ရာဇဝတ်မှုများနှင့် ပတ်သက်မှု မရှိကြောင်း၊ ထို့ကြောင့် ၎င်းတို့ဖြစ်ချင်သော ဆန္ဒအတိုင်း ကြိုးစားဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊် ကျန်ရှိနေသော စစ်တပ်မှ စစ်သားများအနေဖြင့်လည်း အမြန်ဆုံး အလင်းဝင်ကြရန် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က အသိပေးနှိုးဆော်ထားသည်။





