26 C
Yangon

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြို့နယ် ၄ ခုတွင် ရဲ၊ အုပ်ချုပ်ရေးမှူးများနှင့်ပွဲစားတချို့ ပူးပေါင်း ကာ ဂရန်မြေနှင့် ပါမစ်များအတုပြုလုပ်ပြီး အိမ်ခြံမြေလိမ်လည်ရောင်းချမှုများ ဖြစ်ပွားနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၈

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြို့နယ် ၄ ခုတွင် အုပ်စုဖွဲ့ကာ ဂရမ်မြေပါမစ်အတုပြုလုပ်ပြီး ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူးနှင့် အိမ်ခြံမြေပွဲစားတချို့ ပူးပေါင်းကာ အိမ်ခြံမြေ လိမ်လည်ရောင်းချမှုများဖြစ်ပွားလျက်ရှိကြောင်း ငွေလိမ်ခံရသူများနှင့် အမှုလိုက်ရှေ့နေများထံမှ စုံစမ်းသိရှိရသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နှင့် ဒဂုံ မြို့သစ်အရှေ့ပိုင်းမြို့နယ်တို့တွင် အုပ်စုဖွဲ့ကာ ဂရန်မြေပါမစ်အတုများပြုလုပ်ပြီး အိမ်ခြံမြေများ လိမ်လည်ရောင်းချပြီး ငွေကြေးများ လိမ် လည်နေကြောင်း၊ ထိုသို့ လိမ်လည်ခံရမှုကို ရဲစခန်းသို့ သွားရောက်တိုင်တန်းပါက ပါမစ်အတုပြုလုပ် သူအဖွဲ့မှ ယင်းငွေနှင့် ၅ ဆညီမျှသည့် စာရွက်တမ်းထပ်မံအတုပြုလုပ်ကာ ရဲစခန်းတွင်ပြန်လည်အမှု ဖွင့်ပြီး ဖမ်းခိုင်းနေကြောင်း သိရသည်။

“စာချုပ်စာတမ်းအတုထိလို့ ငွေလိမ်ခံရတဲ့သူတွေက ရဲစခန်းမှာ အမှုဖွင့်သွားရင် ငွေလိမ်တဲ့ အုပ်စုက အမှုလာဖွင့်တဲ့ သူကို အဲဒီငွေရဲ့ငါးဆနဲ့ အညီ လက် ရေးလက်မှတ်အတုတွေ ထပ်လုပ်ပြီး အမှုပြန် ဖွင့်ပြီး ရဲကို ပြန်ဖမ်းခိုင်းတယ်။ ရဲကလည်းခင်ဗျား အမှုကို ခင်ဗျားပြန်ရုပ်သိမ်းမလား၊ အမှုပြန်ဖွင့်တာ ကို ခံမလားဆိုပြီးခြိမ်းခြောက်တယ်။” ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ မြို့မရဲစခန်း၌ အမှုဖွင့်ခဲ့သော လိမ်လည်ခံရသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ ပါမစ်မြေစာရွက်စာတမ်းအတုပြုလုပ်ကာ လိမ်လည်သည့်အဖွဲ့များထံမှ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲစခန်းမှူးများ ကိုယ်တိုင် လစဉ်ကြေး အဖြစ်ငွေရယူထားပြီး စာရွက်စာတမ်းအတုများဖြင့် ရဲစခန်းသို့ အမှုလာဖွင့်သူရှိပါက အမှုဖွင့်ရန်အတွက် အချိန်ဆွဲခြင်း၊ စာရွက်စာတမ်းကြေးဟုဆိုကာ ငွေကျပ် ၁၀ သိန်းမှ သိန်း ၂၀ အထိတောင်းခံမှုများပြုလုပ်ကြောင်း သိရသည်။

“ငွေအလိမ်ခံရတဲ့ သူတွေရဲ့အမှုတိုင်ကြားစာမှာ ဖော်ပြထားတဲ့ စာရင်းအတိုင်း ရဲက ငွေတောင်းတာ၊ ရဲဘက်က ဖမ်းပေးရမယ့်တရားခံက ၁၀ ဦး၊ ၁၅ ဦး ဆိုရင်စခန်းမှုနဲ့ အမှုစစ်ရဲတွေက ပေးတဲ့ ငွေပေါ် ကြည့်ပြီး ဘယ်နှစ်ယောက်ပဲ ဖမ်းပေးလို့ရမယ် ဆိုတာမျိုးလုပ်တယ်။ ငွေအလိမ်ခံရတဲ့သူက သိန်း ၁၀၀၀ အလိမ်ခံရရရင် ရဲစခန်းမှူးကို သိန်း ၁၀၀ ပေးမှ ချက်ချင်းအမှုဖွင့်ပေးတာ။ အဲလိုမျိုးပေးမှ တကယ်နိုင်ငံရေးအမှုကြီးတွေလိုမျိုး အိမ်ပေါ် ရှိသမျှ လူအကုန်ဖမ်းပေးတာ။ ငွေ နည်းနည်းပေးရင် တကယ်တရားခံအစစ်ကို မဖမ်းဘူး၊ မဆိုင်တဲ့သူ ကို ဖမ်းတယ်၊ မဆိုင်သူဆိုတာက လက်မှတ်တစ်ခါထိုး ၃ သိန်း ၅ သိန်းရတဲ့ ကိုယ်စားလှယ်သမားတွေကိုပဲ ဖမ်းတယ်။ ခေါင်းဆောင်ကို ဖမ်းမပေးဘူး။” ဟု ယင်းဖြစ်စဉ်များကို သိရှိနေသည့် အငြိမ်းစားရဲအရာရှိ တစ်ဦးက ပြောဆိုသည်။

အလိမ်ခံရသူများ အနေဖြင့် ရဲစခန်းတွင် သွားရောက်အမှုဖွင့်ရာတွင် ရဲစခန်း မှ တောင်းခံသည့်ငွေကြေးက အရမ်းများပြားနေသဖြင့် အမှုမဖွင့်ဘဲ ဆုံးရှုံးခံရသူများလည်းရှိကြောင်း၊ ရဲစခန်းများအနေဖြင့် ငွေကြေးမပေးလျှင် အကြောင်းအမျိုးမျိုးပြကာ အချိန်ဆွဲခြင်း၊ ငွေ ကြေးလိမ်လည်သူများထံ သတင်းပေးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် အမှုလာဖွင့်သူများကို စာရွက်အလွတ်ပေါ်တွင် လက်ရေးလက်မှတ်များထိုးခိုင်းကာ စာ ရွက်စာတမ်းအတုပြုလုပ်သူများနှင့်ပူးပေါင်းပြီး ထပ်မံ အတုပြုလုပ်ကာ အမှုဖွင့်ခြင်း၊ ငွေကြေး ပြန် လည်တောင်းခံခြင်းများလည်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“တချို့ အမှုပြန်ဖွင့်ခံရတဲ့သူက စာရွက်စာတမ်းအတုတွေနဲ့ ပြန်အမှုဖွင့်ခံရတာ။ ရဲကလည်း အတုဆိုတာ သိတယ်၊ ဒါပေမယ့် တဖက်က ငွေယူထားတာ။ အမှု လည်း ဖွင့်ထားတယ်။ ရဲစခန်း(ပ) နံပါတ်လည်းထွက်ထားတယ်၊ အဲဒီလိုဆိုတော့ အချိန်မရွေး အချုပ် ထဲထည့်လို့ ရတယ်လို့ ရဲက ပြောပြီး ငွေညှစ်တယ်။ အမှုဖွင့်ခံရသူက စာရွက်စာတမ်းအထောက် အ ထားတွေပြပြီး ပြောလည်း မရဘူး။ တကယ်က စာချုပ် အတု တွေ လက်ရေးလက် မှတ်အတုတွေလုပ်ပြီး အမှုဖွင့်တဲ့သူကို ရဲစခန်းနဲ့ ပေါင်း ပြန် အမှုဖွင့်တာ” ဟု အမှုလိုက်ရှေ့နေ တစ်ဦး က ပြောဆိုသည်။

ဒဂုံမြို့သစ်မြို့နယ် ၄ ခုတွင် မြေစျေးနှုန်းများမှာ တဟုန်ထိုး မြင့်တက်နေပြီး ပေ ၂၀ x ပေ ၆၀ မြေကွက်အလွတ်ပင် သိန်း ၃၀၀၀ အထိ စျေးပေါက်လာကြောင်း၊ ထို့ကြောင့် မြေဝယ်လိုသူများ များပြားလာချိန်တွင် လိမ်လည်ရောင်းချမှုများနှင့် ဂရန်မြေ၊ ပါမစ်မြေ အတုပြုလုပ်မှုများ အလွန်များပြားလာကြောင်း စျေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article